တိုးဂိုက်ဘဝမှ လက်နက်ထုတ်လုပ်ရေးမှူး ဖြစ်လာသူ (သို့မဟုတ်) မြောင် CDSOM က ကိုအေးချမ်း

ရိုက်ကူး - ထွန်းတောက်လင်း

နွေဦးတော်လှန်ရေးရဲ့ အားသာချက်က တီထွင်ဖန်တီးနိုင်မှုလို့ ပြောဆိုကြပါတယ်။ 

စစ်အာဏာရှင် ကျဆုံးရေး လက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့  တော်လှန်ရေး တပ်ဖွဲ့တွေဟာလည်း နှစ်(၇၀)ကျော်ကြာ တည်ဆောက်ထားတဲ့ အာဏာသိမ်း စစ်အုပ်စုကို ခုခံတွန်းလှန်နိုင်ဖို့ လပိုင်းအတွင်းမှာပဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်နက်မျိုးစုံကို တီထွင်ဖန်တီး ထုတ်လုပ်ကြပါတယ်။

အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တချို့မှာ လက်လုပ်မိုင်းတွေ၊ တူမီးထက်အဆင့်မြင့်တဲ့ သေနတ်တွေ၊ RPG ပုံစံ အဝေးပစ်လောင်ချာတွေကို အချိန်တို အတွင်းမှာပဲ တီထွင်ဖန်တီး ထုတ်လုပ်နိုင်ကြပါပြီ။ အဲ့ဒီလို လက်နက်ထုတ်လုပ်မှုတွေကို ပညာရှင် မဟုတ်တဲ့ လူငယ်တွေက ဦးဆောင်ကြပါတယ်။

စစ်ကောင်စီကို ရင်ဆိုင်တိုက်ခိုက်ဖို့ လက်နက်တွေ ထုတ်လုပ်ကြတဲ့ အထဲမှာ မြောင်မြို့နယ် ပြည်သူ့ ကာကွယ်ရေးနဲ့ လုံခြုံရေတပ်ဖွဲ့ (CDSOM)က ကိုအေးချမ်း လည်း တစ်ဦး အပါအဝင်ပါ။ 

ကိုအေးချမ်းဟာ တချိန်က နိုင်ငံခြားမှာ နေထိုင်ပြီး Tourist Guide (ဧည့်လမ်းညွှန်) အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီး နောက်မှာတော့ ပြည်တွင်းပြန်ရောက်နေတဲ့ ကိုအေးချမ်းက အာဏာရှင်ကို လက်နက်ကိုင် တော်လှန်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုဆိုရင်တော့ သူဟာ လက်နက်ထုတ်လုပ်ရေး ပညာရှင် မဟုတ်ပေမယ့် သူသိထားတဲ့ နည်းပညာတချို့ကို အသုံးချပြီး CDSOM အဖွဲ့ကိုရော နွေဦးတော်လှန်ရေးကိုပါ အားဖြည့်ပေးနေပါပြီ။

''ဒီကောင်တွေကို အရင်ရှေးသုံးခဲ့တဲ့ တူမီးမျိုးနဲ့ ကျနော်က မတိုက်စေချင်ဘူး။ သူတို့မှာ သူတို့ကိုင်တဲ့ လက်နက်တွေက အရင် ဒုတိယကမ္ဘာစစ်တုန်းကလို ကာဘိုင်တွေ၊ ရိုင်ဖယ်တွေလိုမျိုး တစ်တောင့်ချင်း ပစ်တဲ့ကောင်တွေ မဟုတ်တော့။ အခုက လက်နက်တွေက အော်တို(Auto) ဆွဲလို့ရတယ်။ အော်တိုပစ်လို့ ရတဲ့ အခါမှာ တူမီးတစ်လုံးထိုးနှစ်လုံးထိုးနဲ့ အဆင်မပြေဘူး''

ကိုအေးချမ်းဟာ အခုဆိုရင် CDSOM အဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေးမှာ အဓိက ခေါင်းဆောင် အနေနဲ့ တာဝန်ယူပြီး ဗမာ့နည်း၊ ဗမာ့ဟန် လက်နက်မျိုးစုံကို ထတီထွင်ထုတ်လုပ်နေပါပြီ။

ကိုအေးချမ်း ဦးဆောင်တဲ့ လက်နက်ထုတ်လုပ်ရေးအဖွဲ့ဟာ အခုဆိုရင် RPG ပုံစံ ပုခုံးထမ်းလောင်တွေ၊ ကျည်များများ ထည့်ပစ်နိုင်တဲ့ သေနတ်နဲ့ ဖောက်ခွဲရေးမိုင်းတွေကို ထုတ်လုပ်နိုင်ပြီဖြစ်သလို နောက်ထပ်လည်း ထုတ်လုပ်ဖို့ရှိတဲ့ လက်နက်ပုံစံတွေ ရှိသေးတယ်လို့ ဆိုပါတယ်။

''ကျည်ဆံလည်း အတောင့်ရေ များများပါမယ့် ပုံစံပေါ့။ ကျည်ဆံအတောင့်ရေး ၇၀၊ ၁၀၀၊ ၁၂၀ အဲဒီကြားတွေမှာ သုံးနိုင်မယ့် ကျည်ဆံမျိုး ဖန်တီးရတာပေါ့။ ဖန်တီးပြီးတော့မှ ပစ်ရတာပေါ့။ ပစ်ရတဲ့အခါမှာ ကိုင်ပြီးတော့ပစ်တဲ့ ပေါ့ပေါ့ပါးပါးပေါ့။ မိုင်းလိုလည်း အသုံးပြုလို့ရမယ်။ ရှေ့ထွက်မိုင်းလိုလည်း အသုံးပြုလို့ရမယ့် လက်နက်မျိုးကို တည်ဆောက်ရတာပေါ့။ ဘက်စုံသုံး လက်နက်တည်ဆောက်တယ်ဆိုရင် ပိုမှန်တယ်ပေါ့။ ဘက်စုံသုံးလို့ရမယ်။ ကိုင်ပြီးလည်း ပစ်လို့ရမယ်။ ပြီးလို့ရှိရင် မိုင်းအဖြစ်လည်း ထောင်လို့ရမယ်။ အဲပုံစံမျိုး တည်တောက်တာပေါ့။ နောက်တစ်ခုကကျတော့ ပုခုံးထမ်းပေါ့။ RPG အစစ်လည်း ကျနော်တို့ မဝယ်နိုင်ဘူး။ မဝယ်နိုင်တဲ့ အခါကျတော့ RPG ဒီဇိုင်းပေါ့။ RPG ဒီဇိုင်းလို တည်ဆောက်ပြီး ထုတ်ထားတာရှိတယ်''

လက်နက်ထုတ်လုပ်ရတာဟာ စွန့်စားရတာတွေရှိသလို ဖောက်ခွဲရေးမိုင်းတွေ ထုတ်လုပ်ရာမှာ အသက်ဆုံးရှုံးတဲ့ ဖြစ်စသ်တချိုပလည်း တချို့သော တော်လှန်ရေးတပ်ဖွဲ့ PDF တွေ ကြုံတွေ့ခဲ့ကြရပါတယ်။ ကနီမြို့နယ်မှာဆိုရင် လက်လုပ်မိုင်းထုတ်လုပ်ရာမှာ မတော်တဆဖြစ်ပြီး PDF တပ်ဖွဲ့ဝင်နှစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ်။ ဒီပဲယင်းမှာလည်း မိုင်းမတော်တဆမှုဖြစ်ပြီး တော်လှန်ရေးရဲဘော်အချို့ ကျဆုံးခဲ့ပါသေးတယ်။

ကိုအေးချမ်းကတော့ သူတို့အဖွဲ့မှာ အဲ့လိုဆိုးဆိုးရွားရွား ဖြစ်စဉ်မျိုး မကြုံခဲ့ဘူးလို့ ဆိုပါတယ်။ အသားဖြူဖြူ၊ ပိန်ပိန်ပါးပါးနဲ့ ကိုအေးချမ်းဟာ သိန်းရာချီတန် လက်နက်တွေ ဝယ်ယူတပ်ဆင်နိုင်ခြင်း မရှိတဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ မြောင် CDSOM အတွက် သူတတ်စွမ်းသလောက် ကြိုးစားပြီး လက်နက်တွေ ထုတ်လုပ်နေပါတယ်။

ဒါပေမယ့် သူတို့ CDSOM အပါအဝင် တော်လှန်ရေး တပ်ဖွဲ့ PDF တွေအတွက် လက်နက်ထုတ်လုပ်ရာမှာ အကြီးဆုံး အခက်အခဲက ပစ္စည်းဝယ်ယူဖို့အတွက် ငွေကြေးအင်အား မလုံလောက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ငွေမရှိဘဲ လက်နက်တွေ ဘယ်လို ထုတ်လုပ်ပါသလဲ။

''ရန်ပုံငွေ မရှိတဲ့အတွက်ကြောင့် လက်နက်ကို တိုလီမုတ်စလေးတွေနဲ့ ဖြစ်အောင် လုပ်ရတယ်။ သံတိုသံစတွေနဲ့ ဖြစ်အောင် လုပ်ရတယ်။ အဲဒီအပေါ်မှာ ဘာအခက်အခဲ ရှိလဲဆိုတော့ နောက်က ထောက်ပံ့မယ့် Background မရှိတာက တစ်ကြောင်း၊ နောက်တစ်ခုကကျတော့ စက်ရုံပုံစံမျိုးနဲ့ ထုတ်ရတာ မဟုတ်တဲ့အခါကျတော့ စက်ပစ္စည်း အခက်အခဲရှိတယ်။ ရွှေ့ပြောင်းထုတ်လုပ်ရတဲ့ ပုံစံမျိုး ဖြစ်တာပေါ့။ ဆိုတဲ့အခါကျတော့ ရှိတဲ့ မော်တာလေးရယ် ဝရိန်ဆော်တဲ့ စက်လေးရယ်၊ ပြီးလို့ရှိရင် တိုလီမုတ်စဖြစ်တဲ့ သံချောင်းတွေ၊ သံပိုက်တွေ၊ အဲလိုမျိုးလေးတွေ ရှာဖွေရတယ်''

ရှိတဲ့ ပစ္စည်းပစ္စယလေးတွေနဲ့ လက်နက်ထုတ်လုပ်တဲ့အခါမှာ ထပ်ပြီး ကြုံရတဲ့အခက်အခဲက ရဲဘော်တွေအတွက် ဘယ်လိုလက်နက်က အဓိက လိုအပ်သလဲ ဆိုတာပါ။ တိုက်ပွဲဝင်စိတ်ဓာတ်ကို အရင်းတည်ပြီး လက်နက်ကိုင်လမ်းစသ်ကို ရွေးခဲ့ကြပေမယ့် ဘာလက်နက်မှ မယ်မယ်ရရ မရှိတဲ့ တပ်ဖွဲ့အတွက် နိုင်သလောက်လေးပဲ လိုအပ်မယ်ထင်တဲ့ လက်နက်အမျိုးအစားကို ထုတ်လုပ်ရတယ်လို့ သူက ဆိုပါတယ်။

တိုက်ပွဲဝင်ရင်း လက်နက်ထုတ်လုပ်နေတဲ့ ကိုအေးချမ်းကတော့ စစ်ကောင်စီကို တိုက်ခိုက်ဖို့ အရေးတကြီး လိုအပ်နေတာ ဘာလဲဆိုတာကို ကြည့်ပြီး ထုတ်လုပ်တယ်လို့ ပြောပါတယ်။

''မိုင်းလိုအပ်ရင် ကျနော်က မိုင်းဘက်ကို ဦးစားပေးတယ်။ မိုင်းကို တည်ဆောက်တဲ့အခါမှာ ဆိုရင်လည်း အရင်တုန်းက ဒီက ကလေးတွေ ဘယ်လိုတည်ဆောက်လဲ။ တည်ဆောက်ထားတဲ့ မိုင်းပုံစံတွေက ကောင်းတယ်။ ကောင်းတယ်ဆိုပေမယ့် ဘယ်နေရာလေး လိုတယ်။ လိုတဲ့ဟာလေး ကိုယ်က Update လုပ်ပေးချင်တာပေါ့။ ပိုကောင်းတဲ့ မိုင်းတွေ ဖြစ်လာဖို့အတွက် တည်ဆောက်တယ်။ အရင်တုန်းကတော့ ကိုယ်တိုင်လုပ်တယ်။ နောက်ပိုင်းကျတော့ မြေပြင်မှာ ကလေးတွေ တော်တော်များများက အရမ်းတော်ကြတယ်။ ကလေးတွေ ကိုယ်တိုင်လည်း လုပ်တတ်နေကြတယ်။ လုပ်တတ်နေတဲ့ အပေါ်မှာ ကိုယ်လုပ်ချင်တဲ့ပုံစံ ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်း အဲပုံစံလေးတွေကို ကလေးတွေကို ချပေးလိုက်ရင် ကလေးတွေက သူ့ဟာသူ ပြန်ပြီးတော့ တည်ဆောက်နိုင်တယ်''

အာဏာရှင်စနစ် အမြစ်ဖြတ်ဖို့ နိုင်ငံသားအများစုက တော်လှန်နေပြီး စည်းလုံးညီညွတ်မှုနဲ့ စိတ်ဓာတ်အင်အားမှာ သာလွန်ပေမယ့် လက်နက်အင်အားအရ အာဏာသိမ်း စစ်ကောင်စီကို ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ စစ်ကောင်စီကလည်း လက်နက်အင်အား အသားစီးရထားတဲ့အပေါ် အသုံးချပြီး ရပ်ရွာတွေထဲ လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေနဲ့ တော်လှန်ရေးရဲဘော်တွေ အသက်ပေးနေကြရပါတယ်။ 

ဒါပေမယ့် ကိုယ်တိုင်ထုတ်လုပ်တဲ့ လက်နက်လေးတွေ ရှိလာတာက စစ်ကောင်စီကို ခုခံတော်လှန်ဖို့ အတိုင်းအတာ တစ်ခုအထိ အထောက်အကူပြုတယ်လို့ ကိုအေးချမ်းက ဆိုပါတယ်။ 

''တော်လှန်ရေးမှာ စခတွေနဲ့ တိုက်ခိုက်တဲ့အခါမှာ အရမ်းထိရောက်တဲ့ အဖြေတွေ ထွက်လာတာကို တွေ့ရတယ်။ အားရကျေနပ်မှု ရှိလားဆိုရင် အားရမှုတွေ မရှိဘူးပေါ့။ တိုက်ခိုက်နေရတာက ခေတ်မီလက်နက်တွေနဲ့ တိုက်ခိုက်နေတဲ့ အခါကျတော့ Hand Made တွေအနေနဲ့တော့ အားနည်းချက်တွေတော့ ရှိတာပေါ့။ အဲဒီအပေါ်မှာ နောက်ထပ်ပိုကောင်းတဲ့ ဒရုန်းတို့ ထိကွဲကျကွဲတို့ ထပ်ပြီးတော့ တည်ဆောက်သွားဖို့တော့ ရှိတယ်။ ဒါပေမယ့် ပစ္စည်းကုန်ကြမ်း အခက်အခဲ ရှိတဲ့အတွက်ကြောင့် ဒါတွေ တည်ဆောက်ဖို့ကလည်း အချိန်နည်းနည်းတော့ စောင့်ရတာပေါ့''

မြောင် CDSOM တပ်ဖွဲ့က ကိုအေးချမ်း ကတော့ သူ့စိတ်ကူးထဲက လက်နက်တွေ အမှန်တကယ် ထုတ်လုပ်နိုင်ဖို့ လိုအပ်နေတာကတော့ ကုန်ကြမ်းပစ္စည်းနဲ့ ရန်ပုံငွေ ပါပဲလို့ ဆိုပါတယ်။


Mandalay Free Press - MFP

တိုးဂိုက်ဘဝမှ လက်နက်ထုတ်လုပ်ရေးမှူး ဖြစ်လာသူ (သို့မဟုတ်) မြောင် CDSOM က ကိုအေးချမ်း တိုးဂိုက်ဘဝမှ လက်နက်ထုတ်လုပ်ရေးမှူး ဖြစ်လာသူ (သို့မဟုတ်) မြောင် CDSOM က ကိုအေးချမ်း Reviewed by THITHTOOLWIN on 23:50 Rating: 5

No comments:

Powered by Blogger.