CDM စစ်သားများ ထုတ်လုပ်သည့် မိုင်းနှင့် ဒရုန်းတပ် ဗုံးများကို မန္တလေးနှင့် စစ်ကိုင်းတိုင်းသို့ ဖြန့်ဝေပေးမည်
PSPT က ထုတ်လုပ်ထားသော မိုင်းအချို့/ Photo – PSPT |
ဇန်နဝါရီ - ၅
ပြည်သူ့စစ်သား စစ်လက်နက် ထုတ်လုပ်ရေးအဖွဲ့ - People Soldiers’ Production Team (PSPT) သည် ရှေ့ထွက်မိုင်း၊ ကားမိုင်းများနှင့် ပဒေသာမိုင်းများ ထပ်မံ ထုတ်လုပ်ထားပြီး အဆိုပါ စစ်လက်နက်များကို မန္တလေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ LDF၊ PDF နှင့် UG တပ်ဖွဲ့များထံ ဖြန့်ဝေ ပေးအပ်မည်ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။
PSPT အဖွဲ့ကို စစ်တက္ကသိုလ်(DSTA)ဆင်း CDM စစ်သားများဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ၄င်းအဖွဲ့သည် စစ်ကောင်စီကို ခုခံတော်လှန်စစ် ဆင်နွှဲရာတွင် လက်နက်မပြည့်မစုံ ဖြစ်နေသော ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအတွက် စစ်လက်နက်များ တပ်ဆင်ထုတ်လုပ်နေခြင်း ဖြစ်သည်။
PSPT သည် ဒရုန်း (Drone) တွင် တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV Bomb(ဗုံး) များကိုလည်း အများအပြားကိုလည်း ထုတ်လုပ်နေပြီး အဆိုပါ စစ်လက်နက်များကို စစ်ကိုင်းနှင့် မန္တလေးတိုင်းသို့ ပေးပို့မည်ဟု ဆိုသည်။
မန္တလေးနှင့် စစ်ကိုင်းတိုင်းသည် စစ်ကောင်စီကို ခုခံတော်လှန်စစ် ဆင်နွှဲရာတွင် အားကောင်းသော ဒေသများဖြစ်ပြီး လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်း လေကြောင်းဖြင့်ပါ တိုက်ခိုက်လျှက် ရှိသည်။
စစ်ကိုင်းတိုင်းသို့ ကုန်းကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်လာသော စကစများကို ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပြောက်ကျားတိုက်ခိုက်ခြင်းနှင့် မိုင်းဆွဲ တိုက်ခိုက်ခြင်းများဖြင့် ခုခံရာ စကစများ အထိနာ အသေများသဖြင့် အကြမ်းဖက် စစ်ကောင်စီက လေကြောင်းအသုံးပြု၍ တိုက်ခိုက်လာခြင်း ဖြစ်သည်။
Mandalay Free Press - MFP
No comments:
Post a Comment