ရေကြည်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒလန် ဆန်းတင့်၏ သတင်းပေးမှုကြောင့် CDM ကျောင်းဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ
(ရေကြည်)၊ ဇန်နဝါရီ ၁၈ ရက်
ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ဒလန်၏ သတင်းပေးမှုကြောင့် CDM ကျောင်းဆရာတစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ယမန်နေ့ မနက်ပိုင်းက သတင်းပေး(ဒလန်)တစ်ဦးဖြစ်သူ ဆန်းတင့်အား အမည်မသိသေနတ်သမားက ပစ်ခတ်ခဲ့ပြီးနောက် ၎င်း၏ သတင်းပေးမှုဖြင့် CDM ကျောင်းဆရာတစ်ဦး၊ Non -CDM ကျောင်းအုပ်တစ်ဦး အပါအဝင် ဒေသခံ ၁၀ ဦးထက်မနည်းအား စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ရေကြည်မြို့ခံတစ်ဦးက ဆိုသည်။
" ဆန်းတင့်က မနေ့က အပစ်ခံရတာ။ သူမသေတော့ သူမကျေမနပ်တဲ့သူတွေမှန်သမျှအကုန်ပတ်တိုင်နေတော့ အကုန်ပတ်ဖမ်းနေတာ။ သူနဲ့ ပြဿနာဖြစ်ဘူးတဲ့သူတွေ တချို့ဆိုအဖမ်းခံရ တချို့ဆိုလဲ ထွက်ပြေးနေရပြီ" ဟု ရေကြည်မြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ မနက် ၁၀ နာရီခန့်က ၎င်းနေထိုင်ရာ ကျေးရွာမှ ရေကြည်မြို့သို့ သွားရာလမ်းတစ်နေရာတွင် အမည်မသိသေနတ်သမားက သေနတ်ဖြင့် ၂ချက် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ လက်အား ကျည်ထိမှန်ခဲ့သော်လည်း အသက်သေဆုံးခြင်းမရှိခဲ့ကြောင်း ရေကြည်မြို့ခံတစ်ဦးထံမှ သိရသည်။
သေနတ်အပစ်ခံရသည့် ဆန်းတင့်ဆိုသူမှာ ကြံ့ခိုင်ရေးပါတီအတွင်းရေးမှုးသတင်းနှင့်ပြန်ကြားရေးတာဝန်ယူထားသူဖြစ်ပြီး မှုခင်းသတင်းထောက်အဖြစ်လုပ်ကိုင်နေသူဖြစ်သည်ဟု ရေကြည်မြို့ခံများက ဆိုသည်။
၎င်းမှာ ဒေသတွင်းတော်လှန်ရေးအဖွဲများက ထုတ်ပြန်သည့် ရေကြည်မြို့နယ်ဒလန်စာရင်းတွင်ပါဝင်သူဖြစ်ပြီး ၎င်းသတင်းပေးမှုကြောင့်အဖမ်းခံရသူများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
Ayeyarwaddy Times
No comments:
Post a Comment