စစ်ကောင်စီတပ်က ထန်တလန်CDF နှင့်တိုက်ပွဲဖြစ်ပြီးနောက် မြို့ကို မီးထပ်ရှို့ ၊အိမ်၅၀ခန့်နှင့် ဘုရားကျောင်းနှစ်ကျောင်းမီးလောင်
(စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ယနေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ) |
ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF-ထန်တလန်နှင့် တိုက်ပွဲဖြစ်ပွားပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို မီးလောင်ဗုံးဖြင့် ပစ်ခတ်ပြီးထပ်မံမီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။
မီးလောင်ဗုံးဖြင့်ပစ်ခတ်သောကြောင့် ထန်တလန်မြို့ အမှတ်(၁)ရပ်ကွက်မှ လူနေအိမ် ၅၀ ခန့်နှင့် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်းတို့ မီးလောင်သွားသည်ဟု ဒေသခံများက ပြောသည်။
ဇန်နဝါရီ ၃ ရက် နေ့လယ်ပိုင်းတွင် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ -CDF( ထန်တလန်) နှင့် အကြမ်းဖက်စစ်ကောင်စီတို့ကြား ပစ်ခတ်မူဖြစ်ပြီးနောက် နေလယ် ၂ နာရီခွဲခန့်က မီးလောင်မူစတင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။ မီးလောင်မူကို ထန်တလန်မြို့မှ မိုင် ၃၀ ခန့်ဝေးကွာသည့် ဟရီးဖီးကျေးရွာကပင် မြင်ရကြောင်း ဒေသခံအချို့ကပြောသည်။
“စစ်တပ်က တိုက်ပွဲဖြစ်တိုင်း အိမ်တွေကို မီးရှို့နေတာ၊ တစ်မြို့လုံးကုန်အောင်ရှို့နေတာ”ဟု ဒေသခံတစ်ဦးကပြောသည်။
ချင်းလူအခွင့်အရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ အနည်းဆုံး ဘုရားကျောင်း နှစ်ကျောင်း နှင့်လူနေအိမ် ၄၀ကျော်မီးလောင်ပြာကျခဲ့ပြီး ညနေ ၆နာရီခွဲကျော်တွင် တတိယမြောက် ဘုရားကျောင်းမီးလောင်နိုင်သည်ဟု ထုတ်ပြန်ထားသည်။ ဒေသခံများက ပြောကြားချက်အရ Assembly of God (AG) ဘုရားကျောင်းနှင့် Methodist Church ဘုရားကျောင်းတို့ဖြစ်သည်ဟုသိရသည်။
အကြမ်းဖက်စစ်ကောင်စီက ထန်တလန်မြို့ကို ၂၀၂၁ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ မီးရှို့မူ ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး အိမ်ခြေ ၆၉၀ နှင့် ဘုရားကျောင်း ၈ကျောင်း မီးလောင်ပြာကျခဲ့ရသည်ဟု ရွှေ့ပြောင်းသူများ အကူအညီပေးရေးအဖွဲ့တစ်ခုဖြစ်သည် ထန်တလန်နေရာချထားရေးကော်မတီ(Thantlang Placement Affairs Committee) က ထုတ်ပြန်ထားသည်။
People's Spring
(စစ်ကောင်စီတပ်က ထန်တလန်မြို့ကို ယနေ့မီးထပ်ရှို့ပြန်သည်။ ဓါတ်ပုံ-CJ)
No comments:
Post a Comment