Jan 6၊
ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့နယ်၌ အင်အားအလုံးအရင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် မတူပီ-ဟားခါးလမ်းပိုင်းတွင် ယနေ့ (ဇန်နဝါရီ ၆) နံနက် ၉ နာရီခန့်မှစပြီး ယခုချိန်ထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပါတယ်။
မတူပီမြို့၏ မြောက်ဘက် မိုင် ၂၀ ခန့်အကွာ ကီလှုန်းနှင့် လုံလှော်ရွာကြားတွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး ညနေ ပိုင်းအထိ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူထံမှ သိရသည်။
“တိုက်ပွဲက အခုထိ ပြင်းထန်နေဆဲပဲ၊ သူတို့(စစ်ကောင်စီ)ဘက်က အကျအဆုံးတွေလဲ ရှိနိုင်ပေမဲ့ အခုထိ မြေပြင်က သတင်းအသေးစိတ်ကိုတော့ မရသေးဘူး” ဟု CDF-မတူပီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မတူပီမြို့အခြေစိုက် ခြေမြန်တပ်ရင်း (၁၄၀) နှင့် မတူပီဗျူဟာ နှစ်ခုပေါင်းမှ စစ်သားအင်အား ၁၅၀ ကျော်အထိ ယနေ့တိုက်ပွဲ၌ ပါဝင်ပြီး တိုက်ပွဲဖြစ်ပွားရာအနီးရှိ စစ်ကောင်စီတပ်အခြေစိုက်စခန်းနှစ်ခုက လက်နက်ကြီးပစ်ကူပေးနေကြောင်း သိရသည်။
"သူတို့က(စစ်ကောင်စီ) မနေ့လောက်ကတည်းက စစ်ကြောင်းထိုးဖို့အတွက် အင်အားတွေ အကုန်စုနေတယ်လို့ ကျွန်တော်တို့ သတင်းရတယ်၊ မနေ့ကတည်းက သူတို့က အဆင့်သင့်ဖြစ်နေပြီး ဒီနေ့ မနက်အစောပိုင်းမှာ ကျွန်တော်တို့ရှိတဲ့ဘက်ကို ထိုးစစ်ဆင်လာတာ” ဟု ၎င်းက ဆိုသည်။
တိုက်ပွဲချိန် ၁၀ နာရီကျော်ကြာမြင့်လာသလို တိုက်ပွဲလည်း ပိုမိုပြင်းထန်လာသည့်အတွက် တိုက်ပွဲဖြစ်ရာ အနီးရှိသည့် ကီလှုန်းနှင့် လုံလှော်ရွာမှာ ရွာခံများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်။
တိုက်ပွဲအခြေအနေ ငြိမ်သက်ခြင်းမရှိသေးသည့်အတွက် စစ်ရှောင်များ၏ အသေးစိတ်အခြေအနေများကိုလည်း မသိရသေးကြောင်း ၎င်းက ဆိုသည်။
𝐌𝐚𝐭𝐮𝐩𝐢 𝐑𝐞𝐯𝐨𝐥𝐮𝐭𝐢𝐨𝐧 𝐍𝐞𝐰𝐬
No comments:
Post a Comment