မတ္တရာ ကောက်ရိုးပုံရွာကို စစ်အုပ်စုက လေးကြိမ်မြောက် ဝင်စီးကာ မီးရှို့နေ၊ အသတ်ခံရသူ ဒလန်၏သား ဒု-ရဲအုပ်က အဖွဲ့ခေါ်ကာ မီးရှို့သောင်းကျန်းနေဟုဆို၊
မတ္တရာမြို့နယ် ကောက်ရိုးပုံရွာရှိ နေအိမ်များကို ယနေ့ ဇန်နဝါရီ(၁၄)ရက်တွင် စစ်အုပ်စုက မီးရှို့ဖျက်ဆီးနေစဉ်/ Photo - CJ |
ဇန်နဝါရီ - ၁၄
မန္တလေးတိုင်း မတ္တရာမြို့နယ် ကောက်ရိုးပုံရွာသို့ စစ်အုပ်စုက လေးကြိမ်မြောက် စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ယမန်နေ့ ဇန်နဝါရီ(၁၃)ရက် ညပိုင်းမှ စတင်ကာ ကောက်ရိုးပုံရွာအတွင်း မီးရှို့နေခြင်း ဖြစ်ပြီး ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးနေရသလို လက်ရှိအချိန်ထိ ကျေးရွာအတွင်း စကစများ ရှိနေနိုင်သေးသဖြင့် ဒေသခံများ ရွာထဲ ပြန်မဝင်ရဲသေးဟု ဆိုသည်။
"အခုတော့ သူတို့ရွာထဲက ထွက်သွားပေမဲ့ ကင်းပုန်းချခဲ့မှာ စိုးလို့ ဘယ်သူမှ မဝင်ရဲသေးဘူး။ သူတို့က မြွေတလိုင်းဘက် ထွက်သွားတယ်"ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
ဇန်နဝါရီ(၁၃)ရက် မနက်ပိုင်းက ကောက်ရိုးပုံရွာသို့ စကစများ စီးနင်းဝင်ရောက်ကာ နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပြီးနောက် နေ့လည်ပိုင်းတွင် ယင်းးကျေးရွာနေ တပ်သတင်းပေး၊ဒလန်ဆိုသူ ကိုဇော်ဝင်းနှင့် ဦးရာဝင်းတို့ သားအဖနှင့် ဦးသန်းဆောင် ဆိုသူတို့ သုံးဦး ဓားဖြင့် ခုတ်သတ်ခံရသည်။
ဦးသန်းဆောင်၏ သားသည် စစ်ကောင်စီ လက်အောက်ခံ ဒု-ရဲအုပ်အဆင့်ဖြစ်ပြီး ၄င်း ဒု-ရဲအုပ်က အပေါင်းအဖော်များ ခေါ်ဆောင်လာကာ ယမန်နေ့ ညပိုင်းမှ စတင်၍ ကောက်ရိုးပုံရွာအတွင်း မွှေနှောက်သောင်းကျန်း မီးရှို့နေခြင်း ဖြစ်သည်ဟု ဆိုသည်။
"မနေ့က ဓားနဲ့ခုတ်သတ်ခံရတဲ့ ဦးသန်းဆောင်ရဲ့သားက တစ်ပွင့်နဲ့ရဲ။ စိုင်းမင်းကျော်တဲ့။ မြို့မှာ တာဝန်ကျတာ။ သူ့အဖေသေတဲ့ကိစ္စ မကျေနပ်ဘူးပေါ့။ ရွာကို သူ ရောက်လာတယ်။ ရဲ သုံး၊လေးယောက်လည်း ပါတယ်။ အဲဒီမှာ မနေ့က စစ်တပ်က အင်အား၂ဝကျော်နဲ့ သူတို့နဲ့ ပေါင်းပြီး ရွာထဲမှာ သူတို့ထင်ကြေးနဲ့ အိမ်တွေကို မီးလိုက်ရှို်တယ်။ ည ၁ဝနာရီ၊ ၁၂ နာရီမှာ နှစ်ကြိမ်ရှို့တယ်။ မနက်၅နာရီမှာ ထပ်ပြီး ရှို့့တယ်။ ဒီနေ့ နေ့ခင်း ၁နာရီကျော်မှာ ငါးနေရာကို ထပ်ရှို့တယ်။ ရွာကလူက ရွာလုံးကျွတ် ပြေးနေရတယ်" ဟု ဒေသခံတစ်ဦးက MFP သို့ ပြောသည်။
စစ်အုပ်စုသည် မတ္တရာမြို့နယ်ရှိ ကျေးရွာများသို့ ဝင်မွှေကာ ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် တန်ဘိုးကြီး ပစ္စည်းများ ခိုးယူလုယက်ခြင်းများ လုပ်ဆောင်နေသည်။
Mandalay Free Press - MFP
No comments:
Post a Comment