နတ်ချောင်းကျေးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသော ဒေသခံရုပ်လောင်း ၂၈လောင်းတွေ့

ဓာတ်ပုံ - လူမှုကွန်ရက်

ကလေး၊ ဇန်နဝါရီ ၁၉ ရက်

စစ်ကိုင်းတိုင်း၊ကလေး တောင်ပိုင်း နတ်ချောင်းကျေးရွာတွင် အကြမ်းဖက်စစ်တပ်မှရက်ရက်စက်စက် သတ်ဖြတ်ထားခဲ့သော ဒေသခံပြည်သူရုပ်အလောင်း ၂၈လောင်းကိုတွေ့ရှိခဲ့ရသည်။

သေဆုံးခဲ့ရသူများမှာ ဒီဇင်ဘာလ၂၄ရက်နေ့ အကြမ်းဖက်စစ်တပ်နှင့်ဒေသခံကာကွယ်ရေး အဖွဲ့များအကြား တိုက်ပွဲများဖြစ်ပွားချိန်တွင် စစ်တပ်မှသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါရုပ်လောင်းများကို တော်လှန်ရေးအဖွဲ့များက ဇန်နဝါရီလ ၉ရက်နေ့တွင် တွေ့ရှိခဲ့ပြီး မီးရှို့သဂြိုဟ်မှုများပြုလုပ်ပေးခဲ့ပြီးဖြစ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့များက ပြောသည်။

ကလေးပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း(၁)မှ ဒုတပ်ရင်းမှူးကိုဝေနိုင်ဦးက ” ၉ရက်နေ့လောက်မှာ ရွာကဆရာတော်ကို အကူညီတောင်းပြီးဝင်ကြည့်ကြတော့ ရုပ်လောင်းတွေတွေ့ရတယ်။လေးယောက်လောက်က တေ့ပစ်ပြီး အသတ်ခံထားရတာ” ဟု ဧရာဝတီတိုင်းမ်းသို့ပြောသည်။

စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဒီဇင်ဘာလ၂၃ရက်နေ့က နတ်ချောင်းကျေးရွာတဝိုက်ကို လေကြောင်းဖြင့်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ လေကြောင်းတိုက်ခိုက်မှုများရှိပြီးနောက် နတ်ချောင်းကျေးရွာ အတွင်းတွင် အကြမ်းဖက်စစ်တပ်မှ တပ်စွဲခဲ့ပြီးနောက် စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။

ထိုသို့တိုက်ပွဲများဖြစ်ပွားချိန်တွင် ကျေးရွာအတွင်းတွင် ပိတ်မိခဲ့သူများလည်းကျန်ရှိခဲ့သည်။ စစ်တပ်သည် နတ်ချောင်းရွာအတွင်း ၌တပ်စွဲထားရာတွင် ကျေးရွာအတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း နှင့် ဒေသခံပြည်သူများကို သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။

“အချို့က ပစ်သတ်ခံရတယ်။ အချို့ကျတော့ နေအိမ်တွေနဲ့အတူမီးရှို့သတ်ခံရတာဖြစ်ပါတယ်။ ဒီကောင်တွေ ရက်ရက်စက်စက်ကို သတ်ထားတာဗျ”  ဟု ကိုဝေနိုင်ဦးကပြောသည်။

စစ်တပ်၏ဖျက်ဆီးမှုများကြောင့် နတ်ချောင်းကျေးရွာအတွင်းရှိ နေအိမ် အလုံး၄၀ကျော်မီးလောင်ပျက်ဆီးရပြီး လူဦးရေးရာချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ သေဆုံးခဲ့ရသည့် စာရင်းများအရ၄၀နီးပါး သေဆုံးရခဲ့ပြီး လေကြောင်းပစ်ခတ်ခြင်းနှင့် စစ်တပ်၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်များက နတ်ချောင်းရွာအတွင်းမှထွက်ခွာသွားပြီဖြစ်သော်လည်း နယ်မြေရှင်းလင်းရေးနှင့် ပြည်သူလူထုလုံခြုံရေးများအတွက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခဆောင်ရွက်လျက်ရှိနေသည်။

စစ်ကောင်စီတပ်များသည် တိုင်းရင်းသားဒေသများတွင် ဖြစ်သောတိုက်ပွဲများ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဖြစ်ပွားသောတိုက်ပွဲများတွင် လက်နက်အင်အား အလွန်အကျွံအသုံးပြုခြင်းနှင့်  လေကြောင်းအသုံးပြု တိုက်ခိုက်လျက်ရှိနေသည်။ ထိုသို့ တိုက်ခိုက်နေသည့် အပြင် စစ်ဖြစ်ပွားရာဒေသကို ဖျက်ဆီးခြင်းနှင့် ဒေသခံလူထုများကို သတ်ဖြတ်ခြင်းများကို ပါပြုလုပ်လျက်ရှိနေသည်။


Ayeyarwaddy Times 

နတ်ချောင်းကျေးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသော ဒေသခံရုပ်လောင်း ၂၈လောင်းတွေ့ နတ်ချောင်းကျေးရွာတွင် စစ်တပ်က သတ်ဖြတ်ထားသော ဒေသခံရုပ်လောင်း ၂၈လောင်းတွေ့ Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.