အကြမ်းဖက် စစ်အုပ်စုက ယင်းမာပင် ကျေးစာကျရွာမှ နေအိမ်များကို မီးရှီု့ဖျက်ဆီး၊ ယင်းမာပင်နယ်တွင် စကစ သောင်းကျန်းနေပြီး လေးရက်အတွင်း ရွာသုံးရွာ မီးရှို့ခံရ၊

အကြမ်းဖက် စစ်အုပ်စု မီးရှို့ဖျက်ဆီးသွားသည့် ကျေးစာကျရွာ နေအိမ်များ/ Photo - ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေး

ဇန်နဝါရီ - ၉

မုံရွာ - ယင်းမာပင် - ပုလဲ ကားလမ်းတလျှောက် ထိုးစစ်ဆင်နေချိန် မိုင်းဆွဲတိုက်ခိုက်ခံရပြီး အထိနာ အသေများနေသော အကြမ်းဖက် စစ်အုပ်စုသည် ယနေ့ မနက်ပိုင်းတွင် ယင်းမာပင်မြို့နယ် ကျေးစာကျရွာသို့ သေနတ်ပစ်ဖောက် စီးနင်းဝင်ရောက်ကာ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ယင်းမာပင်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။

အကြမ်းဖက် စစ်အုပ်စုသည် ယနေ့ ဇန်နဝါရီ(၉)ရက် မနက်ပိုင်းတွင် ယမားချောင်း တံတားအောက်ဘက်မှ ခြေလျင်လာ၍ ကျေးစာကျကျေးရွာသို့ ဝင်ရောက်စီးနင်းကာ ဒေသခံပြည်သူများ၏ နေအိမ် ငါးလုံးကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် စစ်အုပ်စုသည် ယနေ့ နေ့လည်ပိုင်းတွင် ဆားလင်းကြီးမြို့နယ် ဆယ်ကြီးကျေးရွာ မြောက်ယမား တံတားထိပ်ရှိ ဒေသခံပြည်သူများကို နေနအိမ်သုံးလုံးကိုလည်း အကြောင်းမဲ့ မီးရှို့ဖျက်ဆီးသွားသည်ဟု  ဒေသခံများက MFP သို့ ဆက်သွယ်ပြောကြားသည်။

 "ခန့်မှန်းချိန် နေ့လည် (၁)နာရီခွဲလောက်ကပါ။ မြောက်ယမားချောင်း တံတားထိပ်ပေါ့။ အမှတ်(၂၈)ရဲတပ်ရင်းနဲ့ဆို သုံးဖာလုံလောက်ပဲ ဝေးမယ်ထင်တယ်။ ယင်းမာပင်ဘက်က ပြန်လာတဲ့ စခတွေက နေအိမ်သုံးလုံးကို ဘာမှ မဖြစ်ဘဲနဲ့ မီးရှို့ဖျက်ဆီးသွားတာ။ လူတွေက သူတို့ ဆင်းကတည်းက ရွာက ပြေးနေကြတာပါ" ဟု ဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက် စစ်အုပ်စုသည် အဆိုပါ တံတားအနီးတွင် မိုင်းဆွဲခံရပြီးနောက် အနီးရှိ သူတို့ကို ရန်မပြုနိုင်သော နေအိမ်များကို သောင်းကျန်းဖျက်ဆီး မီးရှို့သွားခြင်း ဖြစ်သည်ဟု ဆိုသည်။

အကြမ်းဖက် စစ်အုပ်စုသည် ယင်းမာပင်မြို့နယ်၌ လေးရက်အတွင်း ရွာသုံးရွာကို အကြောင်းမဲ့ ဝင်စီးကာ မီးရှို့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက် စစ်အုပ်စုသည် ဇန်နဝါရီ(၅)ရက်က လည်ငေါက်ရွာသို့ အကြောင်းမဲ့ စီးနင်းဝင်ရောက်ကာ လုယက်သောင်းကျန်းပြီးနောက် နေအိမ်(၁၁)လုံးကို မီးရှို့ခဲ့သလို ဇန်နဝါရီ(၇)ရက်တွင်လည်း ကောင်းဆင့်ရွာသို့ အကြောင်းမဲ့ စီးနင်းဝင်ရောက်ကာ လုယက်သောင်းကျန်းပြီးနောက် စိတ်ရောဂါရှိသူ အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်များနှင့်အတူ မီးရှို့အလောင်းဖျောက်သွားသည်ဟု ဆိုသည်။


Mandalay Free Press - MFP

အကြမ်းဖက် စစ်အုပ်စုက ယင်းမာပင် ကျေးစာကျရွာမှ နေအိမ်များကို မီးရှီု့ဖျက်ဆီး၊ ယင်းမာပင်နယ်တွင် စကစ သောင်းကျန်းနေပြီး လေးရက်အတွင်း ရွာသုံးရွာ မီးရှို့ခံရ၊ အကြမ်းဖက် စစ်အုပ်စုက ယင်းမာပင် ကျေးစာကျရွာမှ နေအိမ်များကို မီးရှီု့ဖျက်ဆီး၊  ယင်းမာပင်နယ်တွင် စကစ သောင်းကျန်းနေပြီး လေးရက်အတွင်း ရွာသုံးရွာ မီးရှို့ခံရ၊ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.