တောင်ကြီးတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရပြန်


မဲခေါင်၊ ဇန်နဝါရီ ၁၅

ရှမ်းပြည်နယ်၏ မြို့တော်၊ တောင်ကြီးမြို့တွင် ဓာတ်တိုင်မှ လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဇန်နဝါရီလ ၁၄ရက်က ခိုးယူခံခဲ့ရကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။

တောင်ကြီးမြို့၊ ကံကြီးရပ်ကွက်တစ်နေရာတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများကို ဖြုတ်ခိုးယူသွားခြင်းဖြစ်ကြောင်း ခိုးယူခံရသည့် အိမ်ရှင်က ပြောသည်။

"ခေတ်မကောင်းတာကို အခွင့်ကောင်းယူတဲ့သူတွေပေါ့။ ခုရက်ပိုင်းသူခိုးတွေ တော်တော်ပေါလာတယ်။ ဆိုင်ကယ်တွေ/ကားတွေအခိုးခံရတာလဲမပြောနဲ့။ ဓာတ်တိုင်နဲ့အိမ်ကို သွယ်ထားတဲ့မီးကြိုးတောင် အခိုးခံရတယ်။ လူမနေဖြစ်တဲ့အိမ်မှာ မီးကြိုးသွယ်ထားတာတွေ၊ ရေတင်မီးစက်တွေ ထားထားတာရှိရင် သတိထားကြပါ။ သူတို့က ရရင်ရတဲ့ဟာခိုးမှာ"ဟု ၎င်းက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာကို မတရားရယူပြီးနောက်ပိုင်း တောင်ကြီးတွင် သူခိုးများ ပေါ်ပေါ်ထင်ထင်သောင်းကျန်းလာနေပြီး မြို့တွင်းရှိ ကံကြီးရပ်ကွက်၊ ကျောင်းကြီးစုရပ်ကွက်၊ ဘုရားဖြူရပ်ကွက်၊ စိန်ပန်းရပ်ကွက်စသည့်တို့တွင် ဓာတ်တိုင်မှ လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ မကြာခဏခိုးယူခံနေရသည်ဟု ရပ်ကွက်နေပြည်သူများက ပြောသည်။

အလားတူ ဆိုင်ကယ်ပျောက်ဆုံးရှုံးမှုများလည်း နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသလို စည်ပင်ပိုင်ရေမြောင်းဖုံးများပါ မကြာခဏခိုးယူခံနေရသော်လည်း အာဏာသိမ်း စစ်အုပ်စုလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခြင်းမရှိဘဲ ၎င်းတို့ကို ဆန့်ကျင်သူများကိုသာ ပုဒ်မအမျိုးမျိုးတပ်ကာ အမြင့်ဆုံးပြစ်ဒဏ်များကိုသာ ချမှတ်အရေးယူလျက်ရှိသည်။


MeKong News - မဲခေါင်သတင်း

တောင်ကြီးတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရပြန် တောင်ကြီးတွင် လူနေအိမ်သို့ သွယ်တန်းထားသည့် လျှပ်စစ်မီးကြိုးများ ခိုးယူခံရပြန် Reviewed by THITHTOOLWIN on 19:23 Rating: 5

No comments:

Powered by Blogger.