ချင်းပြည်နယ်အတွင်းရှစ်လကျော်ကြာတိုက်ပွဲတွင် စစ်ကောင်စီတပ် ၁၀၂၉ ဦးသေဆုံး ●ဒေသခံကာကွယ်ရေးတပ်များမှ ၅၈ ဦးကျဆုံး၊ စစ်ကောင်စီတပ်ကပြည်သူ ၂၇ဦးအားသတ်ဖြတ်ခဲ့
ချင်းပြည်နယ်နှင့် ချင်းလူမျိုးအများစုနေထိုင်ရာ ဒေသများတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းဒေသခံကာကွယ်ရေးတပ်များကြား ၂၀၂၁ ဧပြီ ၂၄ ရက်မှ ဒီဇင်ဘာ ၃၁ရက်အထိ ရှစ်လကျော်အတွင်း တိုက်ပွဲပေါင်း ၁၈၀ကျော်ဖြစ်ပွားပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၀၂၉ကျော် သေဆုံးခဲ့သည်ဟု Chinland Joint defense Committee-CJDC ကယနေ့သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် အာဏာရှင်စနစ်ကို လက်မခံလို၍ ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်းဖက်စစ်ကောင်စီက လူမဆန်စွာဖမ်းဆီးနှိမ့်စက် သတ်ဖြတ်ခဲ့ခြင်းကြောင့် ဒေသအလိုက်ကာကွယ်ရေးတပ်များ ဖွဲ့စည်းခဲ့ရခြင်းဖြစ်ကြောင်းCJDCရှင်းလင်းသည်။
ထို့သို့ကာကွယ်ရေးတပ်များဖွဲ့စည်းပြီး ဧပြီ ၂၄ ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာ ၂၀၂၁ဒီဇင်ဘာ ၃၁ရက်အထိ အကြမ်းဖက်စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၁၈၄ကြိမ်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီက ၁၀၂၉ဦး သေဆုံးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဒေသခံကာကွယ်ရေးတပ်များမှ ၅၈ဦးကျဆုံးခဲ့ကာ ပြည်သူများနှင့်နိုင်ငံတော်အတွက် အသက်ပေးလှူသွားကြောင်းသိ့ရသည်။ထိုအပြင်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီက အရပ်သား ၂၇ ဦးကို သတ်ဖြတ်ခဲ့သည်ဟုလည်းပါရှိသည်။ အဆိုပါ တိုက်ပွဲအကြိမ်ရေသည် တိုက်ပွဲငယ်များကို ထည့်သွင်းရေတွက်ထားခြင်းမရှိဟုဆိုသည်။
တိုက်ပွဲဖြစ်ပွားမှုအများဆုံးမှာ ချင်းပြည်နယ် မင်းတပ် နှင့် ဟားခါး မြို့နယ်များ၌ဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီနှင့် ချင်းပြည်ဒေသခံကာကွယ်ရေးတပ်များသည် ချင်းပြည်နယ်အပြင် ချင်းလူမျိုးများ အများစုနေထိုင်ရာ ယော၊ တမူး၊ ဂန့်ဂေါနှင့် ကလေးမြို့နယ်တွင်လည်း ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟု CJDCက ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်အနေဖြင့် ဒေသခံပြည်သူများအပေါ် အကြမ်းဖက်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ် များကို မီးရှို့ခြင်းများကို ပြုလုပ်ခဲ့သည်။ စစ်ကောင်စီတပ်က ထန်တလန်မြို့ရှိနေအိမ်များကို အကြိမ် ကြိမ် မီးရှို့ဖျက်ဆီးခဲ့ရာ ဘုရားကျောင်းများအပါအဝင် အိမ်ခြေ ၇၀၀ ကျော်မီးလောင်ပျက်စီးခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာဒေသများမှာ ချင်းပြည်နယ် ဟားခါး၊ ထန်တလန်၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ကန်ပက် လက်၊ တီးတိန်၊ တွန်းဇံ၊ ပလက်၀၊ ယောဒေသ၊ တမူး၊ ဂန့်ဂေါ နှင့် ကလေး မြို့နယ်တို့ တွင်ဖြစ်သည်။
CJDC ကို ချင်းပြည်နယ်ရှိ ဒေသအသီးသီး၌ စုဖွဲ့ထားသည့် ချင်းကာကွယ်ရေးတပ်(CDF) တပ်များ၊ နှင့် ချင်းအမျိုးသားတပ်ဦး(CNF) အပါအဝင် ချင်းလက်နက်ကိုင်အဖွဲ့များဖြင့်စုစည်း ဖွဲ့စည်းထားသည်။
People's Spring
No comments:
Post a Comment