ပုလဲ - ယင်းမာပင် လမ်းတွင် ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လယ်ငေါက်ရွာကို မီးရှို့

MFP ၊ ဇန်နဝါရီ - ၅

ပုလဲ-ယင်းမာပင် ကားလမ်းတွင် စစ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စကစများ ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာအတွင်းသို့ စီးနင်းဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၅)ရက် နံနက်(၈)နာရီဝန်းကျင်က စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် လက်တောင်းကြီးရွာနှင့် လယ်ငေါက်ရွာ အကြားတွင် ပုလဲ - ယင်းမာပင် လမ်းအတိုင်း မုံရွာဘက်သို့ သွားနေသော စကစ ယာဉ်တန်း မိုင်း(၁၀)လုံးခန့် ဖောက်ခွဲတိုက်ခိုက် ခံရသည်။

ထို့နောက် အကြမ်းဖက် စစ်ကောင်စီက လယ်ငေါက်ရွာအတွင်းသို့ စီးနင်းဝင်ရောက်၍ နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်း ဖြစ်ပြီး လက်ရှိတွင် ရွာလုံးကျွတ် ထွက်ပြေးနေရသဖြင့် မီးရှို့ခံရသည့် နေအိမ် အရေအတွက်ကိုမူ မသိသေးဟု ဒေသခံများက ဆိုသည်။

"ပုလဲတောင်ပေါ်ကနေ မုံရွာဘက်ကို အပြန်မှာ မိုင်း ၁၀ လုံးလောက် ဆွဲလိုက်တာ။ ထိတယ် ထင်ပါတယ်။ ကားတန်းက ပေတစ်ရာလမ်းကနေ သွားပြီးတော့ စစ်သားတွေက ပေတစ်ရာလမ်း အရှေ့ဘက်က တစ်မိုင်နှစ်မိုင်လောက် အကွာကနေ လာကြတာ။ ကားတန်တွေရော ထိတော့ကျတော့ လယ်ငေါက်ရောက်တော့ မီးရှို့တော့တာ"ဟု PDF တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက MFP သို့ ပြောသည်။

အကြမ်းဖက် စကစများသည် လမ်းမကြီးများအတိုင်း ကားပေါ်မှ လိုက်ပါလျှင် မိုင်းဆွဲတိုက်ခံရပြီး အသေအဆုံး များနေသောကြောင့် လယ်ကွင်းများထဲမှ ဖြတ်သန်းသွားလာမှုများ ပြုလုပ်လာကြသည်ဟု စစ်ကိုင်းတိုင်းအတွင်းရှိ PDF ရဲဘော်များက ပြောသည်။

ယင်းမာပင်မြို့နယ် လယ်ငေါက်ရွာသည် ယင်မာပင်မြို့အနီးတွင် တည်ရှိသည်။

"မီးရှို့တာကတော့ သေချာတယ်။ မီးခိုးလုံးကြီးတွေ တက်လာတာ ဓာတ်ပုံတောင် ရိုက်ထားသေးတယ်။ တချို့ကလည်း နှစ်အိမ် တချို့ကလည်း သုံးအိမ်ပြောနေကြတာ"ဟု အဆိုပါ ဒေသခံကပြောသည်။

စစ်ကိုင်းတိုင်း ပုလဲနှင့် ယင်းမာပင်မြို့နယ်များသည် အကြမ်းဖက် စစ်ကောင်စီ၏ အင်တာနက် ဖြတ်တောက်ခြင်း ခံထားရသော မြို့နယ်များ ဖြစ်သည်။

Mandalay Free Press - MFP

ပုလဲ - ယင်းမာပင် လမ်းတွင် ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လယ်ငေါက်ရွာကို မီးရှို့ ပုလဲ - ယင်းမာပင် လမ်းတွင် ယာဉ်တန်း မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက လယ်ငေါက်ရွာကို မီးရှို့ Reviewed by THITHTOOLWIN on 17:52 Rating: 5

No comments:

Powered by Blogger.