လွိုင်ကော်မြို့နယ်အတွင်း စစ်သုံးရဟတ်ယာဉ် နှစ်စီးပျံဝဲပြီး ၅၄ တပ်ထဲဆင်းသက်

Photo - CJ

ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်းမှာ ဒီကနေ့ ဇန်နဝါရီလ ၇ရက်နေ့ ညနေပိုင်း ၃နာရီကျော်အချိန်မှာ  စစ်သုံးရဟတ်ယာဉ်နှစ်စီးပျံဝဲပြီး ၅၄ တပ်ထဲကို ဆင်းသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“၃ နာရီ ၄၀ လောက်ကနေ စပြီးတော့မှ လွိုင်ကော်မြို့ကိုပတ်နေတယ်။ လောပိတဖက်သွားတယ်။ လွိုင်ကော်ထဲပြန်လာတယ်။ ပြီးတော့ ၅၄ဖက်ကိုသွားတယ် ။” လို့ လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်)ကို ပြောပါတယ်။ 

၎င်းရဟတ်ယာဉ်ဟာ နာရီဝက်ခန့်ကြာအောင် လှည့်လည် ပျံသန်းနေပြီး ၄ နာရီ ဝန်းကျင်မှာ လွိုင်ကော်မြို့ပေါ်ရှိ ၅၄ တပ်ထဲကို ဆင်းသွားတယ်လို့ မျက်မြင်ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် သေဆုံးနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရုပ်အလောင်းတွေကို ကောက်ယူနေကြတဲ့အတွက် ရဟတ်ယာဉ်ပျံသန်းပေးတာ ဖြစ်နိုင်ကြောင်းလည်း ဒေသခံတွေက ပြောကြပါတယ်။ 

လွိုင်ကော်မြို့တွင်းမှာ ကရင်နီဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဖက်က တိုက်ပွဲဖြစ်ပွားနေတဲ့ မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ပန်ကန်းရပ်ကွက်ဖက်ကို တပ်အင်အားတိုးချဲ့ထားပါတယ်။

စစ်ကောင်စီတပ်က လွိုင်ကော်မြို့ပေါ်အတွင်း လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်နေတဲ့အတွက် ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသလို ပိတ်မိနေတဲ့ ပြည်သူတွေလည်း ရှိနေပါသေးတယ်။ 


Kantarawaddy Times 

လွိုင်ကော်မြို့နယ်အတွင်း စစ်သုံးရဟတ်ယာဉ် နှစ်စီးပျံဝဲပြီး ၅၄ တပ်ထဲဆင်းသက် လွိုင်ကော်မြို့နယ်အတွင်း စစ်သုံးရဟတ်ယာဉ် နှစ်စီးပျံဝဲပြီး ၅၄ တပ်ထဲဆင်းသက် Reviewed by THITHTOOLWIN on 19:03 Rating: 5

No comments:

Powered by Blogger.