ပုံ/ တိုက်လေယာဥ်ဖြင့် ပစ်ခတ်ခဲ့သောကြောင့် ပျက်စီးသွားသော မှတ်တိုင်ကျေးရွာက စေတီတော်။ |
ကသာ - ဇန်နဝါရီ ၁၈၊ ၂၀၂၂။
တိုက်ပွဲဖြစ်ပွားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ် မှတ်တိုင်ကျေးရွာကို ယနေ့မွန်းလွှဲ ၂ နာရီခွဲခန့်က စစ်ကောင်စီတပ်တိုက်လေယာဉ်နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အသက်မပြည့်သည့် ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။
"ဂျက်ဖိုက်တာ တိုက်လေယာဉ် နှစ်စီးနဲ့ လာပစ်တာ။ စေတီ ပျက်စီးသွားတယ်။ ကလေး၂ ယောက်အပါဝင် ၅ယောက် ထိတယ်လို့ကြားတယ်" ဟုပြောသည်။
စစ်ကောင်စီတပ်များသည် တိုက်လေယာဉ်နှစ်စီးဖြင့် ၁၅ မိနစ်ခန့်ကြာ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သူကဆက်ပြောသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ် မိုးတားကြီးကျေးရွာအနီးကိုလည်း ဇန်နဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီတပ်များ လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အသက် ၁၀ နှစ်အောက် ကလေးငယ်နှစ်ဦး အပါအဝင် ဒေသခံပြည်သူ ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ် ခြောက်လုံးပျက်စီးကာ ဓမ္မာရုံတစ်ခု မီးလောင်ပျက်စီးခဲ့သည်။
The 74 Media
No comments:
Post a Comment