ရေဦးမြို့ အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ အလောင်းဖျောက်

MFP ၊ ဇန်နဝါရီ - ၅

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးထားပြီးနောက် သတ်ဖြတ်ကာ မီးရှို့ ဖျောက်ဖျက်ခံထားရသည့် အရိုးစုများ ယနေ့ ဇန်နဝါရီ(၅)ရက်တွင် တွေ့ရှိကြောင်း ဒေသခံများက ပြောသည်။

ဇန်နဝါရီ(၁)ရက်မှ စတင်ကာ ရေဦးမြို့နယ် အင်တောရွာသို့ အကြမ်းဖက် စကစများ စီးနင်းဝင်ရောက်ကာ မွှေနှောက်သောင်းကျန်းသဖြင့် ဒေသခံများ ထွက်ပြေးခဲ့ရကြောင်း၊ ထို့နောက် ဇန်နဝါရီ(၂)ရက်တွင် အင်တောရွာသားများဖြစ်သော အသက်(၄၅)နှစ်အရွယ် ဦးမောင်မြင့်နှင့် အသက်(၄၀)အရွယ် ဦးတင်သောင်း တို့သည် ထွက်ပြေးနေရာမှ ရိက္ခာယူရန် ကျေးရွာသို့ ခေတ္တပြန်စဉ် စစ်အုပ်စုနှင့် တွေ့ကာ ဖမ်းဆီးခံလိုက်ရပြီး ယခုကဲ့သို့ သတ်ဖြတ် မီးရှို့ အလောင်းဖျောက် ခံရခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ဦးမောင်မြင့်နှင့် ဦးတင်သောင်းတို့ ဖမ်းဆီးသတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ ကျန်ရစ်သူ မိသားစုက အင်းတောရွာအတွင်း တပ်စွဲထားသော အကြမ်းဖက် စကစနှင့် ၄င်းတို့၏ လက်ပါးစေ ပျူများထံ ဇန်နဝါရီ(၂)ရက်တွင် သွားရောက်၍ ပျောက်ဆုံးနေသူ နှစ်ဦးကို ဖမ်းဆီးထားသလားဟု မေးမြန်းခဲ့ရာ စစ်အုပ်စုက ငြင်းဆန်သဖြင့် အနီးအနား ရွာများသို့ လိုက်လံစုံစမ်း ရှာဖွေခဲ့သည်ဟု နီးစပ်သူများက ပြောသည်။

ထို့နောက် အကြမ်းဖက် စစ်အုပ်စု အင်တောရွာမှ ပြန်လည်ထွက်ခွာသွားချိန် ကျေးရွာအတွင်း လိုက်လံရှာဖွေရာမှ အင်တောရွာ စာသင်ကျောင်း၏ နောက်ကျောဘက်တွင် မီးရှိုု့ခံထားရသည်ကို ပြန်လည်တွေ့ရှိခြင်း ဖြစ်သည်ဟု ဆိုသည်။

အင်တောရွာအတွင်း စီးနင်းဝင်ရောက်ကာ ထင်တိုင်းကျဲ သောင်းကျန်းသွားသည့် အကြမ်းဖက် စစ်ခွေးနှင့် ပျူများသည် ဒေသခံ ရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ မီးရှို့သွားကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ကလည်း ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီသည် ရေဦး၊ ခင်ဦး၊ ဒီပဲယင်း၊ တန့်ဆည်၊ ဝက်လက် စသည့် စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ်များမှ ကျေးရွာများသို့ ရွာစဉ်ပတ်မွှေကာ လူသတ်၊ လုယက်၊ ခိုးဝှက်၊ မီးရှို့ခြင်းများ လုပ်ဆောင်နေပြီး လက်နက်အားကိုးဖြင့် ထင်တိုင်းကျဲ သောင်းကျန်းနေကြောင်း ဒေသခံများက ပြောသည်။

Mandalay Free Press - MFP

အကြမ်းဖက် စကစများ မီးရှို့သတ်ဖြတ် အလောင်းဖျက်ခဲ့သည့် အင်တောရွာသား နှစ်ဦး/ Photo - ရေဦး ပကဖ



ရေဦးမြို့ အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ အလောင်းဖျောက် ရေဦးမြို့ အင်တောရွာမှ စစ်ဘေးရှောင် အမျိုးသားနှစ်ဦးကို စစ်အုပ်စုက ဖမ်းဆီးသတ်ဖြတ်၊ မီးရှို့ အလောင်းဖျောက် Reviewed by THITHTOOLWIN on 17:31 Rating: 5

No comments:

Powered by Blogger.