သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စက်ရုံအနီး မိုင်းထောင်ထား


ဇန်နဝါရီ ၁၉

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း ထိန်းချုပ်သည့်စက်ရုံအနီး မြေမြုပ်မိုင်းထောင်ထားကြောင်း စုံစမ်းသိရှိရသည်။

ထိုမြေမြုပ်မိုင်းကို ပြီးခဲ့သည့် (၂၀၂၁)ခုနှစ် ဒီဇင်ဘာလက စစ်ကောင်စီမှ လာရောက်ထောင်ထားပြီး စက်ရုံအနီး တွင်လည်း စစ်အင်အား (၂၀)ခန့် လုံခြုံရေး လာယူထားကြောင်း သိရသည်။

“မြေမြုပ်မိုင်းကို ပြန်လည်ရှင်းလင်းပေးဖို့ တောင်းဆိုခဲ့တယ်။ သူတို့(စစ်ကောင်စီ) ဒီလို လာထောင်ထားတာ သူတို့အတွက် လုံခြုံရေးအရပဲတဲ့၊ သူတို့ပြန်သွားရင် ပြန်လည်ရှင်းလင်းပေးမယ်လို့တော့ ပြောတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်းစက်ရုံကို လုံခြုံရေး လာရောက်ယူထားခြင်းသည် ပြည်သူများကို ကာကွယ်ပေးရမည့်အစား ဩဇာအာဏာရှိသူများကို လာရောက်ကာကွယ်ပေးသည်ကို မဖြစ်သင့်ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“သူတို့လာတာလဲ သူတို့ လုံခြုံရေးအတွက်ပဲ၊ ပြည်သူတွေကို ကာကွယ်ပေးရမယ့်အစား တရုတ်ရေနံ ဂတ်စ်ပိုက်လိုင်းကို ကာကွယ်ပေးနေတယ်။ ဩဇာအာဏာရှိတဲ့သူကိုပဲ သူတို့က ကာကွယ်ပေးနေတယ်။ ဒါက မဖြစ်သင့်ဘူး။ လူ့အခွင့်အရေးနဲ့ပြောရမယ်ဆိုရင်လည်း ဒေသခံတွေ သွားလာနေကျ နေရာတွေကို သွားလို့မရတော့ဘူး။ ဒါကလည်း ဒေသခံတွေ အရင်ကထက် ပိုခက်ခဲလာနိုင်တယ်” ဟု စိုင်းဟော်ရှဲန် က ထပ်လောင်းပြောဆိုသည်။

ဂတ်စ်ပိုက်လိုင်းထိန်းချုပ်စက်ရုံတည်ရှိရာ လားရှိုး - မန္တလေး ကားလမ်းမကြီး အရှေ့ဘက် သစ်တောနှင့် အနောက်ဘက် သစ်တောများထဲတွင် မြေမြုပ်မိုင်းများ ထောင်ထားလျှက်ရှိကြောင်း၊ ဂတ်စ်ပိုက်လိုင်းများကို လုံခြုံရေး တာဝန်ယူထာသည့် အရာရှိ တစ်ဦးက ချောင်းချောက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးကို ပြောကြားခဲ့ကြောင်း သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ဇန်နဝါရီ (၁၈)ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

ထို မြေမြုပ်မိုင်း ရှိသည့်နေရာများကို အသွားအလာပိတ်ပင်သည့်အတွက် ရွာသူရွာသားများ ပုံမှန်ထင်းခုတ်ခြင်း၊ သစ်တောအတွင်းရှိ မှိုများ ရှာဖွေခြင်းနှင့် အမဲလိုက်ခြင်းများ မပြုလုပ်ရတော့ကြောင်း စုံစမ်းသိရှိရသည်။

ထိုနေရာပတ်လည်ရှိ လယ်ယာခြံပိုင်ရှင်များသည်လည်း မြေမြုပ်မိုင်းများ နင်းမိမည်ကို စိုးရိမ်ကြောက်လန့်နေကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။

စစ်ကောင်စီဘက်မှ နိုင်ငံတော် အာဏာ မသိမ်းခင်ကာလတွင် စစ်တပ်ဘက်မှ စက်ရုံလုံခြုံရေး ယူထားခြင်း မရှိခဲ့ပေ။


SHAN News (Burmese Version) 

သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စက်ရုံအနီး မိုင်းထောင်ထား သီပေါမြို့နယ်ရှိ တရုတ်ရေနံနှင့် ဂတ်စ်ပိုက်လိုင်း စက်ရုံအနီး မိုင်းထောင်ထား Reviewed by THITHTOOLWIN on 19:30 Rating: 5

No comments:

Powered by Blogger.