စစ်ကား မလာမီ ရှေ့ပြေးလမ်းရှင်းရသော စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းမှ စကစ ရဲနှစ်ဦး မိုင်းဆွဲခံရ၊နှစ်ဦးလုံး ပက်လက်လန်ကျသွားပြီး သေမည်ဟု ခန့်မှန်း၊

ညောင်ပင်ဝန်းရွာအဝင် တံတား (ပုံဟောင်း)/ Photo - CJ

ဇန်နဝါရီ - ၃၀

မန္တလေး - မုံရွာကားလမ်းတွင် စစ်ကားများ ဖြတ်သန်းသွားလာခြင်း မပြုမီ ရှေ့ပြေး လမ်းရှင်းပေးရသော စစ်ကိုင်းမြို့ ညောင်ပင်ဝန်းရဲစခန်းမှ စကစ လက်အောက်ခံ ရဲနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရကာ နှစ်ဦးလုံး သေမည်ဟု ခန့်မှန်းကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၃၀)ရက် ညနေ(၆)နာရီကျော်အချိန်က မန္တလေး - မုံရွာကားလမ်း၊ ညောင်ပင်ဝန်းရွာအနီး၊ မြင်းမူမြို့နယ်အတွင်း ကားလမ်းဘေးတစ်နေရာတွင် စစ်ကားမလာမီ ရှေ့ပြေးလမ်းရှင်းပေးရသော စကစ ရဲနှစ်ဦး မိုင်းဆွဲတိုက်ခိုက်ခံရခြင်း ဖြစ်သည်။

“ချောင်းဦးက ထွက်လာတဲ့ စခ ကားကို ဆွဲဖို့စောင့်နေတာ။ စစ်ကား မလာခင် ရခ တွေတွေက မိုင်းကွင်းနား ဝေ့လည်လည် လုပ်နေလို့ ဆွဲထည့်လိုက်ကြတာတဲ့။ နှစ်ကောင်လုံး ပက်လက်လန်ကျသွားတယ်။ သေမှာပါ” ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ရဲဘော်တစ်ဦးက ဆိုသည်။

ထိုသို့ မိုင်းဆွဲခံရပြီးနောက် စစ်အုပ်စုက ရမ်းကားပစ်ခတ်နေသည်ဟု ဆိုသည်။

စစ်အုပ်စုသည် အဆိုပါ မန္တလေး - မုံရွာ ကားလမ်းနှင့် မန္တလေး - ရွှေဘိုကားလမ်း၌ မကြာခဏ မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခံရပြီးနောက် ကင်းပုန်းများ ချထားလေ့ရှိကြောင်း၊ လွန်ခဲ့သည့် ရက်ပိုင်းက ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ပကဖ အဖွဲ့ဝင်အချို့ အဆိုပါ စကစ ကင်းပုန်းများနှင့် တွေ့ကာ ဖမ်းဆီးခြင်း ခံခဲ့ရသလို ယင်းနှင့် ဆက်စပ်၍ စစ်ကိုင်းမြို့နယ်အတွင်း တိမ်းရှောင်နေသော ငါန်းဇွန်မြို့နယ် လွှတ်တော်အမတ်လည်း ဖမ်းဆီးခံခဲ့ရသည်ဟု နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ညောင်ပင်ဝန်းကျေးရွာ ရဲစခန်းမှူးနှင့် စကစ သတင်းပေးဒလန်တစ်ဦး စကစ ကင်းပုန်းနှင့် တွေ့ကာ အချင်းချင်း ပစ်ခတ်သတ်ဖြတ် ခံခဲ့ရသေးသည်။


Mandalay Free Press - MFP

စစ်ကား မလာမီ ရှေ့ပြေးလမ်းရှင်းရသော စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းမှ စကစ ရဲနှစ်ဦး မိုင်းဆွဲခံရ၊နှစ်ဦးလုံး ပက်လက်လန်ကျသွားပြီး သေမည်ဟု ခန့်မှန်း၊ စစ်ကား မလာမီ ရှေ့ပြေးလမ်းရှင်းရသော စစ်ကိုင်း ညောင်ပင်ဝန်းရဲစခန်းမှ စကစ ရဲနှစ်ဦး မိုင်းဆွဲခံရ၊နှစ်ဦးလုံး ပက်လက်လန်ကျသွားပြီး သေမည်ဟု ခန့်မှန်း၊ Reviewed by THITHTOOLWIN on 22:24 Rating: 5

No comments:

Powered by Blogger.