လွိုင်ကော်တွင် စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းနှင့် လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တွေ့ရှိ


လွိုင်ကော် - ဇန်နဝါရီ ၉၊ ၂၀၂၂။

လွိုင်ကော်မြို့၊ မိုင်းလုံရပ်ကွက်တွင် ယနေ့ မွန်းလွှဲတစ်နာရီခန့်က ကရင်နီပူးပေါင်းတပ်ဖွဲ့မှ နယ်မြေရှင်းလင်းချိန်တွင် စစ်ကောင်စီတပ်သား ရုပ်အလောင်း သုံးလောင်းကိုတွေ့ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရကြောင်း သိရသည်။

သေဆုံးနေသော ရုပ်အလောင်း သုံးလောင်းသည် စစ်ကောင်စီတပ်မ (၆၆) မှ တပ်သားများ၏ ရုပ်အလောင်းများဖြစ်ကြောင်း KGZ (Karenni Generation Z)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက The 74 Media ကိုပြောသည်။

“သုံးလောင်းတွေ့တယ်။ တပ်ကြပ်နှစ်ယောက်ပါတယ်။ ကျန်တစ်ယောက်က ရဲဘော်ထင်တယ်။ အများကြီးတော့ မဟုတ်ပေမယ့် လက်နက်ခဲယမ်းနဲ့အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိတယ်။ ခြင်းကြားတစ်လုံးရယ်၊ ကျည်ဆံအနည်းငယ်ရယ်၊ လက်နက်ကြီးနှစ်လုံးရယ်၊ လက်ပစ်ဗုံးရယ်တွေပါပါတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်၏ တပ်မ (၆၆))သည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေဖြစ်သော ပဲခူးတိုင်း၊ အင်းမမြို့တွင်အခြေစိုက်သည့် ခြေမြန်တပ်မဌာနချုပ်တစ်ခု ဖြစ်သည်။

လွိုင်ကော်မြို့ရှိ ပန်ကန်းရပ်ကွက်နှင့် မိုင်းလုံရပ်ကွက်တွင် လွန်ခဲ့သည့် နှစ်ရက်က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူခြောက်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင်သာမက ဒီးမော့ဆိုမြို့နယ်တွင်လည်း ယနေ့ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးပြီး လက်နက်အများအပြား သိမ်းဆည်းရမိကြောင်း KNDF ကသတင်းထုတ်ပြန်ထားသည်။


The 74 Media 

လွိုင်ကော်တွင် စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းနှင့် လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တွေ့ရှိ လွိုင်ကော်တွင် စစ်ကောင်စီတပ်သား အလောင်းသုံးလောင်းနှင့် လက်နက်ခဲယမ်းများကို ကရင်နီပူးပေါင်းတပ်ဖွဲ့မှ တွေ့ရှိ Reviewed by THITHTOOLWIN on 22:44 Rating: 5

No comments:

Powered by Blogger.