အသံတိတ်သပိတ်တွင် မပါဝင်ရန် ဈေးဆိုင်နှင့် လုပ်ငန်းများကို ရှမ်းစည်ပင်ညွှန်မှူး ညွှန်ကြား၊ ပါဝင်ပါက အရေးယူမည်ဟု ခြိမ်းခြောက်
မဲခေါင်၊ ဇန်နဝါရီ ၂၇
စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်းပြသသည့် အသံတိတ်သပိတ်တွင် ရှမ်းပြည်နယ်အတွင်းမှ ဈေးဆိုင်နှင့် လုပ်ငန်းများ ပါဝင်ခြင်းမပြုရန် ရှမ်းပြည်နယ်စည်ပင် ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းက ဇန်နဝါရီလ ၂၆ ရက်က ညွှန်ကြားချက်ထုတ်ပြန်ထားသည်။
အသံတိတ်သပိတ်တွင် ဈေးဆိုင်များ၊ လုပ်ငန်းများပိတ်ကာ ပါဝင်ခြင်းမပြုနိုင်ရန်အတွက် ရည်ရွယ်ကာ ပုံမှန်ပိတ်ရက်များမှအပ အခြားရက်များတွင် မပိတ်ရန်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ဆောင်မှုများကို အားပေးခြင်းမပြုရန် ညွှန်ကြားစာတွင် ရေးသားထားကြောင်း ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“သူ(ဦးစိုင်းထွန်းထွန်း)က နဂိုကတည်းက စစ်တပ်ဘက်ယိမ်းတဲ့သူပဲ။ CDM ဝန်ထမ်းတွေကိုလည်း ဖိနှိပ်မှုလုပ်တယ်။ အခုလည်း ဆိုင်တွေမပိတ်ဖို့ စိတ်ပါလက်ပါကို ခြိမ်းခြောက်နေတာပဲ” ဟု ၎င်းက ပြောသည်။
အသံတိတ်သပိတ်တွင် ပါဝင်ပြီး ဆိုင်များ၊ အလုပ်များပိတ်ထားပါက လုပ်ငန်းလိုင်စင်ကို အရေးယူမည်ဟု ခြိမ်းခြောက်ထားသလို နိုင်ငံရေးပုဒ်များဖြစ်သည့် အကြမ်းဖက်မှုဥပဒေ၊ နိုင်ငံတော်ပုန်ကန်မှု၊ ၅၀၅-က နှင့် ဆက်သွယ်ရေးဥပဒေတို့ဖြင့်ပါ အရေးယူနိုင်ကြောင်း ရှမ်းပြည်နယ်စည်ပင်၏ ခြိမ်းခြောက်ညွှန်ကြားစာတွင် ဖော်ပြထားသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment