MFP ၊ ဇန်နဝါရီ - ၅
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်အတွင်းမှ ထွက်လာသော အကြမ်းဖက် စကစများကို ယနေ့ မနက်ပိုင်းတွင် အဝေးထိန်းမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စကစ သုံးဦး ထိခိုက်ပြီး နောက်ကြောင်း ပြန်လှည့်သွားကြောင်း Kanbalu Underground Warriors – KBU – UG က သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၅)ရက် မနက်(၁၁)နာရီဝန်းကျင်က ဇီးကုန်မြို့ရှိ စစ်တပ်ဦးပိုင်၏ MEC သကြားစက်အတွင်းမှ ထွက်လာမည့် စကစများ၏ လမ်းကြောင်းကို ကြိုတင်သတင်းရသဖြင့် ထနောင်းကိုင်းရွာ အနောက်ဘက်တွင် စောင့်ကြို၍ အဝေးထိန်းမိုင်း ငါးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အဝေးထိန်းမိုင်း ငါးလုံး ဖောက်ခွဲ နှုတ်ဆက်ရာ စခ သုံးကောင် အထိနာပြီး နောက်ကြောင်း ပြန်လှည့်သွားပါသည်။ KBU – UG အဖွဲ့သားများ စခန်းသို့ ကောင်းမွန်စွာ ပြန်လည် ရောက်ရှိပါကြောင်းနှင့် အခင်းဖြစ်ပွားရာ နေရာအနီးတွင် ဖျက်ဆီးခံလိုက်ရသော ပြည်သူပိုင် ပစ္စည်းများနှင့် ထိခိုက်ဒဏ်ရာရသွားသော ပြည်သူများအတွက် ကျွန်တော်တို့ KBU – UG မှ များစွာ စိတ်မကောင်းဖြစ်ရပါတယ်” ဟု KBU – UG အဖွဲ့က ဆိုသည်။
အကြမ်းဖက် စစ်ကောင်စီသည် စကစနှင့် ပျူများကို ဇီးကုန်းမြို့ရှိ စစ်တပ်ပိုင် MEC သကြားစက်တွင် အစောင့်ချထားကြောင်း ဒေသခံများက ပြောသည်။
KBU – UG သည် ပြီးခဲ့သည့် ဒီဇင်ဘာ(၃၁)ရက် ညပိုင်းကလည်း ဇီးကုန်းမြို့ ထွေအုပ်ရုံးအတွင်း ဗုံးဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိဟု ဆိုသည်။
Mandalay Free Press - MFP
No comments:
Post a Comment