သံလွင်မြစ်ကမ်း မယ့်ခါးထာ့စစ်ကောင်စီတပ်ကို ထိုင်းဘက်က ရိက္ခာပို့ပေး

ဓာတ်ပုံ - မယ့်ခါးထာ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လှေတစ်စင်းက ဒီနေ့ရိက္ခာသွားပို့ခဲ့သည့်မြင်ကွင်း။ 


ဇန်နဝါရီလ ၁၇ ရက်နေ့၊ ၂၀၂၂ 

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းမှာရှိတဲ့ မယ့်ခါးထာ့စစ်ကောင်စီတပ်စခန်းကို ဒီနေ့ဇန်နဝါရီ ၁၇ ရက်နေ့မှာ ထိုင်းဘက်ခြမ်းရှိ သောလယ်ထာ့ရွာမှ လှေတစ်စင်းက စားသောက်ကုန်တချို့ပို့ဆောင်ပေးတယ်လို့ မျက်မြင်ဒေသခံတချို့ကပြောပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေအတွက် ဒီနေ့ပို့ဆောင်သည့် ရိက္ခာတွေထဲမှာ ကြက်၊ ကြက်ဥ၊ ငါးသေတ္တာ၊ ဆီ၊ ဆားနှင့် အခြောက်အခြမ်းတချို့ပါဝင်တယ်လို့ ဒေသခံရဲ့ပြောပြချက်အရသိရပါတယ်။ 

မယ့်ခါးထာ့စစ်ကောင်စီတပ်စခန်းနှင့် အနီးအနားရှိ လယ်တိုးစစ်ကောင်စီတပ်စခန်းသည် ရိက္ခာပြတ်လပ်မှုတွေရှိနေလို့ ထိုင်းနိုင်ငံဘက်ရှိ ဒေသခံရွာသားတွေကို တစ်လ ၂ ကြိမ် ရိက္ခာပို့ပေးဖို့ပြောဆိုတာတွေရှိတယ်လို့ ဒေသခံအဆိုအရသိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်ကို ရိက္ခာပို့ပေးတာကို ဒေသခံထိုင်း-ကရင်ရွာသားတချို့ကလည်း သဘောမကျပဲ ရိက္ခာမပို့ပေးဖို့ ပြောဆိုမှုတွေရှိတယ်လို့ဆိုပါတယ်။ 

"လယ်တိုးစခန်းဆိုရင် ရိက္ခာမရောက်တာကြာပြီးလို့သိရတယ်။ ဖာပွန်ကနေ ကုန်းကြောင်းနဲ့ ရိက္ခာပို့တာ မရောက်ဘူး။ လမ်းမှာ KNLA တပ်တွေကြားဖြတ်တိုက်ခိုက်တာ။ ရှေ့တန်းကစခန်းတွေရိက္ခာပြတ်လပ်နေလို့ ထိုင်းဘက်ကို အကူအညီတောင်းတာ။ သူတို့တောင်းတာ တစ်လ ၂ ခါပို့ပေးဖို့။ ဒါပေမဲ့ ဒေသခံတွေမကြိုက်လို့ တစ်လ ၁ ခါပို့ပေးတာ" လို့ ဒေသခံတစ်ဦးကပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၁ ဧပြီလနှင့် မေလတုန်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ထိုင်းနိုင်ငံဘက်ခြမ်းရှိ ထိုင်း-ကရင်ရွာဖြစ်တဲ့ ထန့်တဖန်ကျေးရွာ ခေါ် မယ်ခါးထာ့ရွာအတွင်းနှင့် အနီးအနားပတ်ဝန်းကျင်းတွေမှာ လက်နက်ကြီးကျည်ဆံတချို့ကျရောက်ခဲ့တယ်လို့ ဒေသခံပြောပြချက်အရသိရပါတယ်။ 

ဒါ့အပြင် သံလွင်မြစ်ပေါ်သွားလာနေသည့် အရပ်သားလှေတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့တွေက ခြိမ်းခြောက်တာ၊ ပစ်ခတ်တာတွေလုပ်ခဲ့ပြီး အစားအသောက်တချို့ကိုလည်း ပိုက်ဆံမပေးပဲ ယူဆောင်တာတွေရှိခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 


Salween Press

သံလွင်မြစ်ကမ်း မယ့်ခါးထာ့စစ်ကောင်စီတပ်ကို ထိုင်းဘက်က ရိက္ခာပို့ပေး သံလွင်မြစ်ကမ်း မယ့်ခါးထာ့စစ်ကောင်စီတပ်ကို ထိုင်းဘက်က ရိက္ခာပို့ပေး Reviewed by THITHTOOLWIN on 00:00 Rating: 5

No comments:

Powered by Blogger.