တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း


မဲခေါင်၊ ဇန်နဝါရီ ၂၇

စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ် - Silent Strike ပြုလုပ်မည့် ဖေဖော်ဝါရီလ ၁ ရက်တွင် တာချီလိတ်မြို့ရှိ ဈေးဆိုင်များ မပိတ်ရန် စည်ပင်၊ ရဲနှင့် ထွေအုပ်ပေါင်းကာ ဇန်နဝါရီလ ၂၇ ရက်က လက်မှတ်လိုက်ထိုးခိုင်းနေကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်းရှိ ဈေးများမှ ဆိုင်ခန်းများသာမက ပြင်ပတွင်ဖွင့်လှစ်ထားသည့် ဈေးဆိုင်နှင့် လုပ်ငန်းများကိုပါ မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်းခြင်းဖြစ်ကြောင်း မျက်မြင်တွေ့သူတစ်ဦးက မဲခေါင်သတင်းဌာနကို ပြောသည်။

“၁ ရက်နေ့ ဆိုင်ခန်းမပိတ်ဖို့ သိရှိကြောင်း ခံဝန်ကတိထိုးခိုင်းသလိုမျိုး လိုက်ထိုးခိုင်းနေတာ။ စည်ပင်ရယ်၊ ရဲရယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရယ် ပါတယ်” ဟု ၎င်းကပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်တွင် ပြုလုပ်မည့် စစ်အာဏာရှင်ဆန့်ကျင်ရေး အသံတိတ်သပိတ်ပြုလုပ်သည့်ထဲတွင် မပါဝင်ရန်နှင့် တော်လှန်ရေးအင်အားစုများ၏ ဆောင်ရွက်မှုများထဲတွင် မပါဝင်ရန် ဈေးဆိုင်များကို အတင်းအကြပ်ဖွင့်ခိုင်းခြင်း ဖြစ်ကြောင်း ကိုယ်တိုင်လက်မှတ်ထိုးပေးလိုက်ရသည့် ဈေးဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

“ကျနော်တို့ကလည်း ထိုးဆိုတော့ ထိုးရတာပေ့ါဗျာ။ ဒါပေမယ့် ခုခေတ်စကားနဲ့ ပြောရရင် ဖွင့်တော့ ဖွင့်တယ်၊ ဒါပေမယ့် မဖွင့်ဘူးပေ့ါ” ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့နယ်စည်ပင်အနေဖြင့် ဖေဖော်ဝါရီလ ၁ ရက်တွင် ဈေးဆိုင်နှင့် လုပ်ငန်းပိတ်သူများကို လုပ်ငန်းလိုင်စင်ပိုင်း အရေးယူသွားမည်ဖြစ်သလို နိုင်ငံရေးပုဒ်မများဖြင့် အရေးယူနိုင်ကြောင်း ခြိမ်းခြောက်စာတစ်စောင်ကို ဇန်နဝါရီလ ၂၆ ရက်က ထုတ်ပြန်ထားသည်။


MeKong News - မဲခေါင်သတင်း

တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း တာချီလိတ် ဈေးဆိုင်ခန်းများ ဖေဖော်ဝါရီလ ၁ ရက် မပိတ်ရန် လက်မှတ်လိုက်ထိုးခိုင်း Reviewed by THITHTOOLWIN on 21:19 Rating: 5

No comments:

Powered by Blogger.