မန္တလေးမြို့၌ ယနေ့ မနက် ပထမအကြိမ် ရထားလမ်း ပေါက်ကွဲမှုတွင် ရထားတွဲ လမ်းချော်သွားစဉ်/ Photo - ပေးပို့ |
MFP ၊ ဇန်နဝါရီ - ၉
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (၅၈)လမ်းနှင့် (၅၆)ကြားရှိ မန္တလေး-လားရှိုး ရထားသံလမ်းဘေးတွင် ယနေ့ မနက်(၁၀)နာရီဝန်းကျင်က ပေါက်ကွဲမှုတစ်ခု ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဇန်နဝါရီ(၉)ရက် မနက်(၁၀)နာရီဝန်းကျင်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဃ)ရပ်ကွက်၊ (၅၈)လမ်းနှင့် (၅၆)ကြား၊ မန္တလေး-လားရှိုး ရထားသံလမ်းဘေး၊ ပန်းရန်တော်ချောင်း အနောက်ဖက်ခြမ်းတွင် ပေါက်ကွဲခဲ့ခြင်း ဖြစ်ပြီး ရထားလမ်းဘေး (၁၀)ပေခန့်အကွာ အမှိုက်ပုံအနီးတွင် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။
အဆိုပါ ပေါက်ကွဲမှုသည် မန္တလေးမြို့၌ ယနေ့ မနက်ပိုင်း ဒုတိယအကြိမ် ရထားလမ်း ပေါက်ကွဲမှုဖြစ်သော်လည်း လူသူ ထိခိုက်မှု မရှိဟု ၄င်းတို့က MFP သို့ ပြောသည်။
ယနေ့ မနက်(၈)နာရီဝန်းကျင်က မန္တလေးမြို့၌ ပထမအကြိမ် ရထားလမ်း ပေါက်ကွဲမှုအဖြစ် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၇၀(အေ)လမ်းနှင့် ၇၄(ဘီ)လမ်းကြား၊ မြဝတီမင်းကြီးလမ်း၏ မြောက်ဘက်၊ မန္တလေး-လာရှိုး ရထားသံလမ်းတွင် မန္တလေး ကျူးကျော်ရှင်းလင်းရေး အဖွဲ့များ လိုက်ပါလာသော ရထားတွဲ ချိန်ကိုက်မိုင်း နှစ်လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရသည်။
အဆိုပါ ဖောက်ခွဲမှုကြောင့် စစ်ကောင်စီ လက်နက်ကိုင် ရဲတပ်သား ညီညီအောင် ဆိုသူ လည်ပင်း မိုင်းစထိမှန် ဒဏ်ရာရပြီး အသက်အန္တရာယ် စိုးရိမ်ရကြောင်း စစ်ကောင်စီ အသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။ ထို့အပြင် ပေါက်ကွဲမှုကြောင့် မီးရထားသံလမ်း နှစ်ပေခန့် ပြတ်တောက်လွင့်စဉ် သွားပြီး မြဝတီမင်းကြီးလမ်းနှင့် လမ်း(၇၀)ပေါ်သို့ လွှင့်စင်ကျခဲ့သလို မီးရထားတွဲလည်း တွဲချောခဲ့သည်ဟု ဆိုသည်။
ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ၈၆လမ်းနှင့် ၁၆လမ်းအနီးရှိ ရပ်ကွက်ရုံးလည်း ဗုံးဖြင့် ပစ်ခတ်ဖောက်ခွဲ ခံခဲ့ရသေးသည်။
လက်ရှိတွင် စစ်အုပ်စုက မန္တလေးမြို့တွင်း နေရာအနှံ့အပြားတွင် လမ်းသွားလမ်းလာများကို ဖမ်းဆီးစစ်ဆေး ငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီသည် ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ နှိပ်ကွပ်နေပြီး တချိန်တည်းမှာပင် မန္တလေးမြို့ရှိ စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာနနှင့် အဆောက်အဦးများလည်း ပတ်မှတ်ထား တိုက်ခိုက်ခံနေရသည်။
Mandalay Free Press - MFP
No comments:
Post a Comment