အင်းတော် - ဇန်နဝါရီ ၅၊ ၂၀၂၂။
စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သောကြောင့် အင်းတော်မြို့နယ်တွင် ယမန်နေ့က အမျိုးသမီးလေးဦး သေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးသွားသူ အမျိုးသမီးလေးဦးမှာ ဂဟဲကျေးရွာတွင်နေထိုင်ကြသူများဖြစ်သည်ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
"အမျိုးသမီး လေးယောက် ဆုံးတယ်။ ဂဟဲရွာသူတွေပါ။ အဲ့ထဲက သုံးယောက်က အသက်မပြည့်သေးဘူး။ ညီအစ်မသုံးယောက်ပါ ၁၆အောက်တွေ။ ၁၆နှစ်က အကြီးဆုံး။ အိမ်ထဲမှာ ပါသွားတာ လက်နက်ကြီးကအပေါ်က ကျလာတာ ညီအမသုံးယောက်လုံး အိမ်ပေါ်မှာပဲ နေကြတာ။ လူတွေရော အိမ်တွေပါ အကုန်မီးလောင်သွားတာပါ" ဟုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် အသက်မပြည့်သေးသော မောင်နှမသုံးဦးအပြင် အသက် ၃၂ နှစ်အရွယ် မခင်ညိုဆိုသူလည်းပါဝင်ကြောင်း သူကပြောသည်။
ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဂဟဲကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးပြီး သုံးလုံးမှာ ရဟတ်ယာဉ်စက်သေနတ်ကြောင့် ပျက်စီးသွားကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေမြက်ကျေးရွာတွင်လည်း ဒီဇင်ဘာ ၂၀ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူများသေဆုံးခဲ့သည်။
ကသာခရိုင်ရှိ အင်းတော်မြို့နယ်သည် အိမ်ခြေ နှစ်သောင်းကျော်ရှိပြီးလူဦးရေ တစ်သိန်းကျော်နေထိုင်သည့် မြို့နယ်ဖြစ်ပြီး ရှမ်းနီလူမျိုး၊ ကဒူး၊ ကချင်နှင့် ဗမာလူမျိုးများနေထိုင်သည်။
The 74 Media
No comments:
Post a Comment