ဇန်နဝါရီလ ၁၀ ရက်နေ့၊ ၂၀၂၂
လွိုင်ကော်မြို့က ပန်ကား၊ မိုင်းလုံး၊ ရွာတန်းရှည် နှင့် ဒီမော့ဆိုမြို့နယ်အပိုင် ဒေါပိုးစီ၊ ၅ မိုင် ၆ မိုင်စတဲ့နေရာတွေမှာ စစ်မြေပြင်လိုဖြစ်နေပြီး ဒေသခံတွေမနေရဲတော့ပဲ ထွက်ပြေးကုန်ပြီးလို့ ပန်ကန်းရပ်ကွက်မှ နေထိုင်ခဲ့ဖူးပြီး လက်ရှိတိမ်းရှောင်နေရသူ ဒေသခံတစ်ဦးက ပြောပါတယ်။
PDF၊ KDF နှင့် KNDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုရှိတယ်လို့ အဆိုပါဒေသခံကပြောပါတယ်။
"အဲ့ဒီနေရာတွေကတော့ စစ်မြေပြင်လိုဖြစ်နေပြီ။ လေယာဉ်နဲ့ဗုံးကြဲလို့ အိမ်တွေလည်းပျက်စီးတာရှိတယ်။ ကျနော်တို့ကြားတာ စစ်ကောင်စီက ကုန်းကြောင်းရော လေကြောင်းပါ စစ်ကူတွေပို့နေတယ်။ အင်အားက သောင်းဂဏန်းလောက်ရှိတယ်ကြားတယ်။ PDF နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကလည်း မြို့ထဲထိဝင်တိုက်နေပြီး။ အင်အားကလည်း ထောင်ဂဏန်းရှိတယ်လို့ကြားတယ်။ လူငယ်တွေချည်းပဲများတယ်။ မြို့တွင်းတိုက်ပွဲလိုဖြစ်နေပြီး" လို့ အဆိုပါဒေသခံကပြောပါတယ်။
"အခုဆိုရင် လွိုင်ကော်မြို့က လူတွေပြေးကုန်ကြပြီး။ မနေရဲတော့ဘူး။ နေလို့ကိုမရတော့တာ။ တကယ့်စစ်တလင်းလိုဖြစ်နေတာ။ ချင်းပြည်နယ်က ထန်တလန်မြို့လိုဖြစ်နေပြီ။ ကျနော်နဲ့အဆက်အသွယ်ရှိတဲ့လူကိုလည်း ဖုန်းခေါ်လို့မရတော့ဘူး။ ပြေးကုန်ပြီ။ ဒေသခံတွေထွက်ပြေးတာကို စစ်ကောင်စီက တားဆီးတာတွေရှိတယ်လို့ကြားတယ်။ သူတို့က ဒေသခံတွေကို အကာအကွယ်ယူတာ။ မြေပြင်မှသူတို့မနိုင်တော့ လေယာဉ်နဲ့တိုက်နေတာ" လို့ သူကပြောပါတယ်။
စစ်ပွဲသည်ဒီ့ထက်ပိုမိုပြင်းထန်လာနိုင်ပြီး ကရင်နီပြည်နယ် မော်ချီးဒေသဖက်မှာလည်း စစ်မီးကူးစက်သွားနိုင်တယ်လို့လည်း ဒေသခံတချို့ကပြောပါတယ်။
ဇန်နဝါရီလ ၈ ရက်နေ့က လွိုင်ကော်မြို့တွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း အာဏာသိမ်းစစ်ကောင်စီဘက်က စစ်ရဟတ်ယာဉ်တစီးအား ပစ်ချနိုင်ခဲ့သည့်အပြင် တင့်ကားတစီးကိုလည်း မီးလောင်ပျက်စီးခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့(KNDF)က သတင်းထုတ်ပြန်လိုက်သည်။
လွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဗိုလ်အဆင့်ရှိသူတဦးအပါအဝင် အနည်းဆုံး ၃၀ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူများပြားကြောင်း KNDF က ထုတ်ပြန်ထားသည်။
အဲ့ဒီလိုအထိနာခဲ့လို့ စစ်ကောင်စီက စစ်ရဟတ်ယာဉ်များနှင့် တိုက်လေယာဉ်များအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဘက်မှာလည်း ထိခိုက်ကျဆုံးမှုတချို့ရှိခဲ့တယ်လို့ဆိုပါတယ်။
တိုက်ပွဲအတွင်းမှာ KNDF အနေဖြင့် စစ်ကောင်စီဘက်က လက်နက် ၁၁ လက်၊ လက်နက်ကြီးကျည်နှင့် လက်နက်ငယ်ကျည်များလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။
Salween Press
ဓာတ်ပုံ - မနေ့က လွိုင်ကော်မြို့က ပန်ကန်း၊ ရွာတန်းရှည်၊ မိုင်းလုံး၊ ဒေါပိုးစီရပ်ကွက်တွေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်ခဲ့သည့်မြင်ကွင်း။ (Photos: Free Burma Rangers Karenni / Facebook)
No comments:
Post a Comment