အသံတိတ်သပိတ်တွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီ ဖမ်းဆီး


ပုသိမ်၊ ဇန်နဝါရီ ၃၀ ရက်

ဧရာ၀တီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အသံတိတ်သပိတ် - Silence Strikeတွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီက ယမန်နေ့က ဖမ်းဆီးထားသည်ဟု ပုသိမ်မြို့နယ် စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ ပုသိမ်မြို့၊အမှတ် (၆) ရပ်ကွက်​နေ မဝါဝါလှိုင်နှင့် အမှတ်(၄)ရပ်ကွက်နေ မငြိမ်းအေးအောင်တို့ ၂ဦးအား စစ်ကောင်စီက ယမန်နေ့(ဇန်နဝါရီလ ၂၉ ရက်နေ့)တွင် ဖမ်းဆီးကာ ပုဒ်မ - ၅၀၅(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

" ဖမ်းသွားတာဟုတ်တယ် အင်အားအများကြီးနဲ့ လာဖမ်းတာ အဓိက အကြောက်တရား ပြည်သူတွေဖြန့်ချင်တဲ့ သဘောပေါ့ သူတို့ထားသလို မနေနဲ့ ဒီလိုခံရမယ်ဆိုတာ ပြချင်တာ အဲ့သဘောနဲ့ လုပ်တာ'' ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ပုသိမ်မြို့ပေါ်က စျေးဆိုင် ၄၀ ခန့်အား လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဆိုင်မပိတ်ကြရန် မြို့နယ်စည်ပင်သာယာက ခေါ်ယူခြိမ်းခြောက်ပြောဆိုထားကြောင်း ဒေသခံများထံမှ သိရသည်။

လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ်ပြုလုပ်မည့် အသံတိတ်သပိတ် - Silence Strike တွင် ပြည်သူများအနေဖြင့် ပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသော်လည်း အာဏာသိမ်းစစ်ကောင်စီကမူ ပါဝင်သူများနှင့် လှုံ့ဆော်သူများကို အရေးယူသွားမည်ဟု ကြေငြာထားသည်။

ယင်းကဲ့သို့ ပါဝင်ပြုလုပ်သူများကို စစ်ကောင်စီက နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅(က)၊ နိုင်ငံတော်ပုန်ကန်မှုဥပဒေ ၁၂၄(က)၊ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂ (က)နှင့် အီလက်ထရောနစ်ဥပဒေ ၃၃(က)စသည့် ပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲသွားမည်ဖြစ်ကြောင်း ၄င်းတို့၏ ဝါဒဖြန့် မီဒီယာများမှတဆင့် ထုတ်ပြန်ကြေငြာထားသည်။

စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့်သည့်နေ့တွင်ပြုလုပ်မည့် အသံတိတ်သပိတ် - Silence Strike မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၂၄ရက်နေ့နှင့် ဒီဇင်ဘာလ ၁၀ ရက်နေ့တို့တွင် ပြုလုပ်ခဲ့စဥ်ကလည်း ပြည်လုံးကျွတ်နီးပါး ပါဝင်ခဲ့ကြကြောင်း သိရသည်။


Ayeyarwaddy Times 

အသံတိတ်သပိတ်တွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီ ဖမ်းဆီး အသံတိတ်သပိတ်တွင် ပါဝင်ကြဖို့ လူမှုကွန်ရက်စာမျက်နှာမှတဆင့် လှုံ့ဆော်ခဲ့သည်ဟုဆိုကာ ပုသိမ်မြို့ခံအမျိုးသမီး ၂ ဦးအား စစ်ကောင်စီ ဖမ်းဆီး Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.