မဲခေါင်၊ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ဇန်နဝါရီလ ၉ရက်၊ ညပိုင်းအချိန်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူများထံမှ သိရသည်။
အဆိုပါထွေအုပ်ရုံးရှေ့၌ ည၈နာရီခွဲဝန်းကျင်အချိန်ခန့်က ဗုံးပေါက်ကွဲသံကြားရပြီးနောက် ဝါးရုံပင်ကျေးရွာအနီးတဝိုက်၌ သေနတ်ပစ်ခတ်သံ အချက် ၅၀ခန့်ကြားခဲ့ရကြောင်း ဒေသခံပြည်သူတစ်ဦးက ပြောသည်။
"ထွေအုပ်ရုံးမှာ ပေါက်ကွဲမှုဖြစ်တော့ ထွက်ကြည့်သေးတယ်။ သူတို့အုပ်စုပဲ ရှိတာ။ ခဏနေတော့ ပြန်လာပြီး မကြာဘူး သေနတ်သံတွေ ကြားရတယ်။ ၁၁နာရီခးလောက်အထိ ဝေးဝေးတစ်ချက်ကြားနေရတုန်းပဲ။ ဘယ်သူနဲ့ ဖြစ်တာလဲတော့ မသိဘူး"ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ဖြစ်ပွားမှုအခြေအနေနှင့် ပါတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုခြင်းမရှိသလို ယင်းအဖွဲ့များက ပြုလုပ်ခြင်းမဟုတ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီဝင်တစ်ဦးက အတည်ပြုပြောကြားသည်။
"ဒေသခံPDFတွေလုပ်တာ မဟုတ်ဘူးဆိုတာတော့ အတည်ပြုပေးလို့ရတယ်။ သူတို့က ကရင်နီတိုက်ပွဲဖက်မှာ သွားကူနေကြတာ ကြာပြီ။ စစ်ကောင်စီဖက်ကပဲ လုပ်တာလား။ သူတို့ဟာ သူတို့သေနတ်ဖောက်တာလားဆိုတာတော့ စုံစမ်းနေဆဲပဲ"ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ပစ်ခတ်သံများထွက်ပေါ်ပြီးနောက် စစ်ကားနှင့် ရဲကားများက မြို့အတွင်း လှည့်ပတ်စစ်ဆေးသွားပြီး မြို့ခံပြည်သူများကို ဆဲဆိုမှုများ ပြုလုပ်သွားသည်ဟုလည်း သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment