ဓါတ်အားလိုင်းမိုင်းခွဲခံရပြီး​နောက် ​နေပြည်​တော်တွင် မီးပြတ်၍ ရပ်ကွက်များကို အလှည့်ကျမီး​​ပေး

ကရင်နီပြည်နယ်တွင်လျှပ်စစ်ဓာတ်အားလိုင်းများမိုင်းခွဲဖျက်ဆီးခံရပြီး​နောက် နေပြည်တော်တွင် လျှပ်စစ်မီးပြတ်တောက်ပြီး ရပ်ကွက်များကိုအလှည့်ကျ လျှပ်စစ်မီးပေးနေကြောင်း မြို့ခံများကပြောသည်။ 

“ရပ်ကွက်တော်တော်များ ပျက်နေကြတယ်တောက်လျှောက်ကြီး ပြတ်တာတော့ မဟုတ်ဘူး ၊လာလိုက်ပြတ်လိုက်ဘဲ”ဟု ဇမ္ဗူသီရီမြို့နယ်တွင်နေထိုင်သူတစ်ဦးက ယနေ့တွင် ပြောသည်။ 

ယနေ့(ဇန်နဝါရီ ၉ရက်) နေလယ်ပိုင်းတွင် ဇေယျသီရီမြို့နယ်၌ ရပ်ကွက်များ အားလုံးနီးပါးမီးပြတ်နေသည်ဟု ထိုရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။ နေပြည်တော်ရှိ မြို့နယ် ရှစ်ခုတွင် နေထိုင်များကို မေးမြန်းရာတွင် ဇန်နဝါရီ လဆန်းမှစ၍ လျှပ်စစ်မီး အချိန်ပိုင်းပြတ်တောက်နေသည်ဟု ​ပြောသည်။ ယခုရက်ပိုင်း မီးပြတ်တောက်ပါက တစ်ကြိမ်ပျက်လျှင် ၆နာရီခန့်အထိပြတ်တောက်မူများပင်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။ 

နိုင်ငံတစ်ဝန်းရှိ​ဒေသအားလုံးထက် လျှပ်စစ်ဓါတ်အား အထူးဦးစား​ပေး ဖြန့်ဖြူထား​သောနေပြည်တော်တွင် လျှပ်စစ်သုံးဆွဲမူသည် ၂၀၂၂ ဇန်နဝါရီ ၆ ရက်တွင်  အမြင့်ဆုံး ၁၃၅ မဂ္ဂါဝပ်ရှိပြီး စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ ဇန်နဝါရီ ၇ ရက် အမြင့်ဆုံးဓာတ်အားသုံးဆွဲမူသည် ၁၄၂ မဂ္ဂါဝပ်ရှိခဲ့သည်။ 

နေပြည်တော်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် စက်ရုံများမရှိသောကြောင့် အခြားပြည်နယ်နှင့်တိုင်းများက သွယ်တန်းထားသည့် လျှပ်စစ်ဓာတ်အားလိုင်းများပြတ်တောက်ပါက လျှပ်စစ်မီး အခက်အခဲရှိသည်ဟု လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုမှ အရာရှိတစ်ဦးက​ပြောသည်။ 

ရှမ်း-ကရင်နီ (ကယား)ပြည်နယ်အစပ် မိုးဗြဲမြို့အထွက် ဟိုက်ကွီကျေးရွာဘေးမှ နေပြည်တော်သို့ သွယ်တန်းထားသော လျှပ်စစ်ဓာတ်အားလှိုင်းတိုင် နှစ်ခုကို KNDF၏ မိုးဗြဲအ‌ခြေစိုက်တပ်ခွဲနှင့် KNDF B-11တို့က ဇန်နဝါရီ ၃ ရက်တွင်မိုငိးခွဲ ဖြိုချခဲ့​ကြောင်းယနေ့ သတင်းထုတ်ပြန်သည်။ 

ယခုတစ်ကြိမ်အပါအဝင် ကရင်နီပြည်နယ်မှတစ်ဆင့် အကြမ်းဖက်စစ်ကောင်စီရုံးချုပ်များ အခြေစိုက်ရာ နေပြည်တော်သို့ သွယ်တန်းထားသည့် ဓာတ်အားလိုင်းတာဝါတိုင်များကိုဗိုင်းခွဲဖျက်ဆီးမှု သုံးကြိမ်တိုင်ရှိပြီဖြစ်သည်။

နေပြည်တော်ကို လျှပ်စစ်ဓါတ်အားပို့ပေးနေသည့်  လွိုင်ကော်မြို့နယ် လောပိတ မဟာဓါတ်အားလိုင်း တာဝါတိုင် နှစ်တိုင်ကို ဖယ်ခုံ ပြည်သူ့ကာကွယ် ရေးတပ် (PDF) နှင့် ကရင်နီအမျိုးသားကာကွယ်ရေးပူးပေါင်းအဖွဲ့တို့က ၂၀၂၁ ဩဂုတ်လ ၁၂ ရက်တွင် ပထမဦးဆုံးအကြိမ်ဖြိုချခဲ့သည်။

ထိုဖျက်ဆီးမူကို ရက်ပိုင်းအတွင်း ပြန်လည်ပြင်ဆင်ခဲ့ကြောင်း အကြမ်းဖက်စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။ 

အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ဓာတ်အား ပို့လွှတ်ပေးနေသည့် ၂၃၀ ကေဗွီ တာဝါတိုင်များကို အကြိမ်ကြိမ် မိုင်းခွဲ ဖျက်ဆီး ခံရခြင်းကြောင့် ဓာတ်အား (၁၈၀) မဂ္ဂါဝပ်ခန့် လျော့ကျခဲ့ရသည်ဟု ဇန်နဝါရီ ၅ က ထုတ်ပြန်ထားသည်။ ထို​ကြောင့် တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးကိုအထူး ဦးစား​ပေးအသုံးပြုခွင့်​ပေးထား​သော နေပြည်​တော် အတွက် လျှပ်စစ်ဓါတ်အားမှာ ကရင်နီ ပြည်နယ်မှ အဓိက သွယ်ယူရခြင်းဖြစ်သည်။ မန္တ​လေးတိုင်းမှ သွယ်တန်းထား​သော ဓါတ်အားလိုင်းအချို့လည်းရှိသည်။ယခုအခါ အကြမ်းဖက်စစ်​ကောင်စီကို ကရင်နီတိုင်းရင်းသားလက်နက်အဖွဲ့များက တစ်ပြည်နယ်လုံးတွင် ခုခံတိုက်ပွဲဝင်​နေပြီး စစ်​ကောင်စီတပ်အထိ့နာ​နေသည်။

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင်က လျှပ်စစ်ရထားများ​ပြေးဆွဲမည် ၊​မြေ​အောက်ရထားလမ်းများ​ဖောက်လုပ်မည်ဟု အာဏာသိမ်းပြီး​နောက် နိုင်ငံတစ်ဝန်း လှည့်လည်​ပြောကြားဝါဒဖြန့်ခဲ့​သော်လည်း လက်​တွေ့တွင် သဘာဝဓါတ်​ငွေ့အရည်(LNG) စက်ရုံများကို ပိုက်ဆံမ​ပေးနိုင်၍ ဓါတ်အားထုတ်လုပ်မှု ​လျော့နည်းပြီး နိုင်ငံတစ်ဝန်း မီးပြတ်​တောက်မှုများ ယခငိစစ်အာဏာရှင်များလက်ထက်ကကဲ့သို့ကြုံ​တွေ့​နေရပြီဖြစ်သည်။

People's Spring 

ဓါတ်အားလိုင်းမိုင်းခွဲခံရပြီး​နောက် ​နေပြည်​တော်တွင် မီးပြတ်၍ ရပ်ကွက်များကို အလှည့်ကျမီး​​ပေး ဓါတ်အားလိုင်းမိုင်းခွဲခံရပြီး​နောက် ​နေပြည်​တော်တွင် မီးပြတ်၍ ရပ်ကွက်များကို အလှည့်ကျမီး​​ပေး Reviewed by THITHTOOLWIN on 05:53 Rating: 5

No comments:

Powered by Blogger.