မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ခု ဗုံးပစ်ခံရပြီး ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ

MFP ၊ ဇန်နဝါရီ - ၁၂ 

မန္တလေးမြို့တွင် ယနေ့ ဇန်နဝါရီလ (၁၂)ရက် နံနက်ပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ခုကို လက်လုပ်ဗုံးပစ်ခံခဲ့ရပြီး တစ်ရုံးတွင် ပေါက်ကွဲကာ စကစ ဒုအရာခံဗိုလ်အဆင့်ရှိသူ ဒဏ်ရာရခဲ့ကြောင်း သတင်းရရှိသည်။ 

‌နံနက် (၈)နာရီကျော်အချိန်က အောင်မြေသာစံမြို့နယ်၊ လမ်း (၈၀)၊ ၉ × ၁၀လမ်းကြားရှိ အမရဌာနီအနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး ရုံးလုံခြုံရေး တာဝန်ယူထားသူ ဒုအရာခံဗိုလ်တစ်ဦး နဖူးပေါက်ပြဲ ဒဏ်ရာ ရရှိခဲ့ပြီး ရုံးသွပ်မိုးတစ်ချပ် ပျက်စီးခဲ့သည်ဟု စကစ ရဲအသိုင်းအဝိုင်းမှ သိရသည်။ 

ထို့ပြင် နံနက် (၁၀)နာရီခွဲခန့်ကလည်း မဟာအောင်မြေမြို့နယ်၊ (၉၁)လမ်း၊ ၄၁ × ၄၂ ကြားရှိ သံလျှက်မော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကိုလည်း လက်လုပ်ဗုံးဖြင့် ပစ်ခံရပြီး ပေါက်ကွဲမှုမရှိခဲ့ကြောင်း စကစ ရဲအသိုင်းအဝိုင်းက ဆိုသည်။ 

အဆိုပါ သံလျှက်မော်အနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြီးခဲ့သည့် ဇန်နဝါရီလ (၉)ရက်နေ့တွင် JM PDF နှင့် Mandalay PDF တို့ ပူးပေါင်း၍ မိုင်းထောင်ကာ အသံဗုံးဖောက်ခွဲခဲ့သဖြင့် စကစများ ရောက်ရှိလာသော်လည်း မိုင်းမဖြုတ်ရဲဘဲ ပြန်လှည့်သွားသဖြင့် ပြည်သူများ မထိခိုက်စေရန် PDF များက ပြန်ဖြုတ်ခဲ့ရကြောင်း အဆိုပါ ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားသည်။ 

ယခုရက်ပိုင်းအတွင်း မန္တလေးမြို့ရှိ စကစထောက်တိုင် ရုံး‌အဆောက်အဦများ၌ ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားနေသလို စကစဘက်ကလည်း ပြည်သူများကို လမ်းမများထက်၌ တင်းကျပ်စွာ စစ်ဆေး၍ ငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတို့က ဆိုကြသည်။ 

Mandalay Free Press - MFP

ဓာတ်ပုံ၊ CJ 

မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ခု ဗုံးပစ်ခံရပြီး ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ မန္တလေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နှစ်ခု ဗုံးပစ်ခံရပြီး ဒုအရာခံဗိုလ်တစ်ဦး ဒဏ်ရာရ Reviewed by THITHTOOLWIN on 17:38 Rating: 5

No comments:

Powered by Blogger.