လွိုင်ကော်မြို့အတွင်း လက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် ပြည်သူများ တိမ်းရှောင်နေရ၊ အရေးပေါ်အကူအညီများ လိုအပ်နေ
Photo - Kayan Region Leftist Youths - KRLY Facebook Page |
ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်နက်ကြီးရမ်းသန်းပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်၊ ရွာတန်းရှည်၊ ပန်းကန်းရပ်ကွက်က ပြည်သူအများအပြား ပိတ်မိနေတာရှိသလို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကလည်း အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
“ ပိတ်မိနေတာကတော့ မနေ့ကတိုက်ပွဲကတည်းကပါပဲ ပြေးရတာလည်းမလွယ်လှဘူး အဖက်ဖက်က စစ်ကောင်စီတပ်သားတွေရှိတော့ အရမ်းသတိထားရတယ်။ ဒီရက်လည်း သေနတ်သံခနငြိမ်တုန်း ကပြာကယာပြေးထွက်လာရတာ လူပဲပြေးလာရတယ် ကျန်တဲ့ပစ္စည်း ဘာဆိုဘားမှမပါလာဘူး။ ဒုက္ခတွေရောက်နေရပါတယ် တော်တော်များများက။” လို့ မိုင်းလုံးရပ်ကွက်က ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးရမ်းသန်း ပစ်ခတ်မှုကြောင့် မိုင်းလုံးရပ်ကွက်က ဒေသခံနေအိမ်အချို့ လက်နက်ကြီးထိမှန်တာရှိသလို နေအိမ်အတွင်း လက်နက်ကြီးကျရောက်တဲ့အတွက် သေဆုံးသူတစ်ဦးရှိပြီး ဒဏ်ရာရရှိသူလည်း ရှိခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေအနေနဲ့ အရေးပေါ် စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း အရေးတကြီးလိုအပ်လျက်ရှိနေပါတယ်။
ယမန်နေ့ ဇန်နဝါရီလ ၆ ရက်နေ့မှာ လွိုင်ကော်မြို့နယ်အတွင်းမှာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးတွေ အဆက်မပြတ် ရမ်းသန်းပစ်ခတ်နေတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
Kantarawaddy Times
No comments:
Post a Comment