ရေဦးနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ မိုင်းဆွဲခံရ၊ ခုနှစ်ဦးသေဟုဆို၊

စကစများ ဝင်မွှေသောင်းကျန်း လုယက်ကာ ဒေသခံအချို့ကို သတ်ဖြတ်ခဲ့သည့် ရေဦးမြို့နယ် ချမ်းသာရွာ/ Photo – RAV

ဇန်နဝါရီ - ၂၀

စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အတွင်း ရွာစဉ်ပတ်မွှေ သောင်းကျန်းနေသော စကစများကို ယနေ့ နေ့လည်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စကစ ခုနှစ်ဦး သေကြောင်း ရေဦးမြို့နယ် အခြေစိုက် ဝေဟင်စွန်ရဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ယနေ့ ဇန်နဝါရီ(၂၀)ရက် နေ့လည်(၁၂)နာရီကျော်အချိန်က ရေဦးမြို့နယ် ထန်းပင်ကုန်းနှင့် ချမ်းသာရွာကြား၌ စကစ စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

“ရေဦးမြို့နယ်မှ ဆင်းလာသော အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို ထန်းပင်ကုန်းရွာနှင့် ချမ်းသာရွာကြားတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ခုနှစ်ဦး ကျဆုံးကြောင်း အသိပေးအပ်ပါသည်” ဟု ဝေဟင်စွန်ရဲ အဖွဲ့က ဖော်ပြသည်။

တော်လှန်ရေး တပ်ဖွဲ့စုံက မိုင်းဆွဲတိုက်ခိုက်သဖြင့် စကစများ မိုင်းထိသလို ရှော့ဂန်းထိကာ သေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ရေဦးမြို့နယ် ကလည်း ထုတ်ပြန်ထားသည်။

လက်ရှိတွင် စစ်ကောင်စီက ရေဦးမြို့နယ် ကျေးရွာများသို့ ရွာစဉ်ပတ်မွှေ သောင်းကျန်းကာ ဒေသခံ အရပ်သားပြည်သူများကို ဖမ်းဆီးခြင်း၊ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ တန်ဘိုးကြီးပစ္စည်းများ ခိုးယူလုယက်ခြင်းနှင့် အသေခံလူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

စကစများသည် ပြီးခဲ့သည့် ဇန်နဝါရီ(၁၀)ရက်က အထက်ပါ ချမ်းသာရွာသို့ ဝင်မွှေကာ စိတ်ရောဂါရှိသူ အပါအဝင် ဒေသခံ အမျိုးသား သုံးဦးကို သတ်ဖြတ်ပြီး အချို့ကို ရိုက်နှက်နှိပ်စက်ခဲ့သည်။ ထို့အပြင် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း စကစများက မွှေနှောက်လုယက် ဖျက်ဆီးခဲ့သည်။


Mandalay Free Press - MFP

ရေဦးနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ မိုင်းဆွဲခံရ၊ ခုနှစ်ဦးသေဟုဆို၊ ရေဦးနယ်အတွင်း မွှေနှောက်သောင်းကျန်းနေသော စကစများ မိုင်းဆွဲခံရ၊ ခုနှစ်ဦးသေဟုဆို၊ Reviewed by THITHTOOLWIN on 20:16 Rating: 5

No comments:

Powered by Blogger.