မဲခေါင်၊ ဇန်နဝါရီ ၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ယနေ့၊ နံနက်ပိုင်းအချိန်က စစ်ဘေးရှောင်များကို တင်ဆောင်လာသည့် မှန်လုံကားနှစ်စင်းကို အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက ပြောသည်။
ကရင်နီပြည်(ကယားပြည်နယ်)၊ လွိုင်ကော်မြို့မှ စစ်ဘေးရှောင်များကို တင်ဆောင်သည့် ကားနှစ်စီးကို လူများကိုကားပေါ်မှဆင်းခိုင်းပြီး ကားနှစ်စီးကို မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
"ဒီမနက် ၉နာရီခွဲလောက်က ဖြစ်တာပါ။ အဲဒီကိုရောက်နေတဲ့ စစ်ဘေးရှောင်တွေထဲက တစ်ယောက်က ဖုန်းဆက်လာတာ။ သူတို့ကို ကြိုလာတဲ့မှန်လုံကားအကြီးတစ်စီးနဲ့ အသေးတစ်စီးကို ဆီဆိုင်မြို့နယ်ထဲအရောက်မှာ လူတွေအကုန်ဆင်းခိုင်းပြီး ကားကို စစ်တပ်ကမီးရှို့လိုက်တာလို့ ပြောတယ်။ ဖုန်းလိုင်းမကောင်းတော့ သူတို့ရောက်နေတဲ့နေရာပြောတာကို သိပ်မရှင်းလိုက်ဘူး" ဟု ၎င်းက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပါတ်သက်ပြီး မဲခေါင်သတင်းဌာနမှ သီးခြားအတည်မပြုနိုင်သေးဘဲ ဖြစ်စဉ်အား ထပ်မံစုံစမ်းမေးမြန်းလျက်ရှိသည်။
အလားတူ ယနေ့၊ နံနက်ပိုင်းအချိန်ကလည်း လွိုင်ကော်မြို့အ၀င်အထွက်၊ လွိုင်ကော်-ဆီဆိုင်-တောင်ကြီး အသွားလမ်း နွားလဝိုးဂိတ်အထွက်တွင် ခရီးသည်ကားများကို ဖက်ဆစ်စစ်တပ်မှ ပစ်ခတ်နေ၍ ခရီးသည်ကားများ အကုန်ပြန်လှည့်ပြန်ရသည်ဟုလည်း သိရသည်။
MeKong News - မဲခေါင်သတင်း
No comments:
Post a Comment