မန္တလေး ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး မိုင်းထုခံရပြီး ရုံးအတွင်း ပေါက်ကွဲ၊


ဇန်နဝါရီ - ၁၇

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံးအတွင်း ယနေ့ ဇန်နဝါရီ(၁၇)ရက် ညနေ(၃)နာရီကျော်အချိန်က လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရပြီး ရုံးအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက MFP သို့ ပြောသည်။

ပြည်ကြီးတံခွန်မြို့နယ်၊ ချမ်းမြသာယာရပ်ကွက်၊ (၇၅-ဒီ)လမ်း၊ မြဝတီမင်းကြီး(၁)လမ်းနှင့် (၂)လမ်းကြားရှိ မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခံရပြီး ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးမှု မရှိသလို ထိခိုက်ဒဏ်ရာရသူ မရှိဟု  စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

၄င်းအခွန်ရုံးသည် မန္တလေးတိုင်း ယာဉ်ထိန်းရဲရုံးမှ စစ်ကောင်စီ လက်အောက်ခံ ယာဉ်ထိန်းရဲများ အစောင့်ကျနေသော ရုံးဖြစ်ကြောင်းလည်း စစ်ကောင်စီ အုပ်ချုပ်ရေးအသိုင်းအဝိုင်းက MFP သို့ ပြောသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

မန္တလေးမြို့၌ စစ်ကောင်စီက ၄င်းတို့ကို ဆန့်ကျင်သူများကို ဥပဒေမဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ဖိနှိပ်နေသလို စစ်ကောင်စီနှင့် ဆက်စပ်သူများ၊ စစ်ကောင်စီ လက်အောက်ခံ ရုံး၊ ဌာန၊ အဆောက်အဦးများ ပစ်မှတ်ထား တိုက်ခိုက်ခံနေရသည်။ ယမန်နေ့ ဇန်နဝါရီ(၁၆)ရက် ညပိုင်းကလည်း မန္တလေး အိုးဘို အကျဉ်းထောင် မြောက်ဘက်ဂိတ် ဗုံးထုခံရကာ စကစ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့သည်။


Mandalay Free Press - MFP

မန္တလေး ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး မိုင်းထုခံရပြီး ရုံးအတွင်း ပေါက်ကွဲ၊ မန္တလေး ပြည်ကြီးတံခွန်မြို့နယ် အခွန်ရုံး မိုင်းထုခံရပြီး ရုံးအတွင်း ပေါက်ကွဲ၊ Reviewed by THITHTOOLWIN on 00:34 Rating: 5

No comments:

Powered by Blogger.