ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ




Photo - CJ

ကရင်နီပြည် လွိုင်ကော်မြို့နယ် ရေယိုကျေးရွာက နေအိမ်တစ်အိမ်ရဲ့ အိမ်သာကျင်းထဲမှာ အသတ်ခံတဲ့ ရုပ်အလောင်း ၆ခုကို ဒီကနေ့ (ဇန်နဝါရီလ  ၂၇ရက်နေ့) မှာ တွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ စိန်မာတင် ဘိုဘွားရိပ်သာ နောက်လမ်း/လူ အိုရုံ လမ်းဗျ။ အဲ့နားက အိမ်တစ်အိမ်ရဲ့ ခြံဝန်းထဲမှာ အမည်မသိ ရုပ်အလောင်း ကျား၆ ဦး အိမ်သာကျွင်းထဲ မှာ ပစ်သတ်ပြီးတော့ ထည့်ထားတာဗျ။“ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အသတ်ခံရတဲ့ ရုပ်အလောင်း ၆လောင်းကို ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဆယ်ယူပြီး သဂြိုလ်ပေးခဲ့ပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ်က ရေယိုကျေးရွာဖက်ကို စစ်ကောင်စီစစ်ကြောင်းအဖွဲ့က ဝင်ရောက်လာခဲ့ပြီးနောက် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာပါ။ ကျေးရွာအတွင်း ကျန်ရစ်ခဲ့တဲ့ ဒေသခံအချို့ကို ဖမ်းဆီးခေါ်ဆောင်ပြီး သတ်ဖြတ်တာဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

သေဆုံးသွားတဲ့အထဲ အသက်မပြည့်သေးဘူးလို့ ယူဆရတဲ့ ကလေးတစ်ယောက်ပါဝင်ပြီး မည်သူတွေ ဖြစ်ကြောင်းကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

“ အသက်အရွယ်တွေကတော့ ငယ်ငယ်လေးတွေလည်း ပါတယ်။ ၁၈နှစ်မပြည့်သေးတဲ့ ကလေး တစ်ယောက်လည်း ပါတယ်။ ဒါပေမယ့် ဘယ်သူ ဘယ်ဝါလည်း ဆိုတာကိုတော့ အတိအကျ မသိရသေးဘူး။ ရွာထဲကို စစ်သားတွေ ဝင်လာတယ် ဆိုပြီးတော့ ရွာသားတွေ ပြေးကုန်တာ။ စစ်သားတွေ ပြန်ကုန်တယ် ဆိုပြီးမှ ပြန်လာကြည့်တဲ့ အချိန်မှာမှ အဲ့မှာ အကျင်း တစ်ကျင်းတူးထားတယ်ပေါ့။ အဲ့ဒီကျင်းကို သွားကြည့်လိုက်တော့မှ လူသေအလောင်းတွေကို တွေ့ရတာ။” လို့ သူက ပြောပါတယ်။

ဇန်နဝါရီလအတွင်း စစ်ကောင်စီပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးသူ ၂၆ ဦးထိ ရှိသွားပြီ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ ၂၀၂၂ခုနှစ် ဇန်နဝါရီလ၂၀ရက်နေ့ အထိ စစ်ကောင်စီပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ထိခိုက်သေဆုံးသူ၊ သတ်ဖြတ်ခံရသူ စုစုပေါင်း ၁၉၈ကျော်ရှိသွားပြီလို့ ကရင်နီလူမှုအသင်းအဖွဲ့များကွန်ယက်ထံမှ သိရပါတယ်။


Kantarawaddy Times

ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ ရေယိုကျေးရွာအတွင်း အသတ်ခံရတဲ့ ရုပ်အလောင်း ၆ခုကို အိမ်သာကျင်းထဲ တွေ့ရှိ Reviewed by THITHTOOLWIN on 23:51 Rating: 5

No comments:

Powered by Blogger.