ကောလင်းစျေးတွင် စျေးဝယ်နေသော စကစရဲတစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့် သေ၊

ကောလင်းစျေး (ပုံဟောင်း)/Photo - ပေးပို့

ဇန်နဝါရီ - ၂၁

စစ်ကိုင်းတိုင်း ကောလင်းမြို့၌ စျေးအတွင်း စျေးဝယ်နေသော စကစ လက်အောက်ခံ ရဲနှစ်ဦးအနက် တစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့်ပြီး သေကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ(၂၁)ရက် မနက်(၇)နာရီဝန်းကျင်က ကောလင်းမြို့ အရှေ့စျေးအတွင်း စျေးဝယ်နေသော ကောလင်းခရိုင် ရဲတပ်ဖွဲ့မှ စကစ လက်အောက်ခံ ရဲတစ်ဦး ဓားထိုးခံရခြင်း ဖြစ်ကြောင်း ကောလင်း တော်လှန်ရေးအဖွဲ့ - KR က MFP သို့ ပြောသည်။

"မနက် ၇ နာရီဝန်းကျင်က ကောလင်း အရှေ့စျေးမှာ စျေးဝယ်ထွက်တဲ့ ရဲနစ်ကောင် ပခုံးဖက်ပြီး စျေးဝယ်ထွက်လာချိန် နဂါးညီနောင် ကုန်စုံဆိုင်နားမှာ တစ်ယောက်က ဓားထိုးခံရတာဗျ။ ထိုးခံရရခြင်း သိပုံမရဘူး။ သွေးထွက်လာမှ သွေးရူးသွေးတန်း ပြေးရင်း ကြက်ဥရောင်းတဲ့ စျေးသည်ကို ဝင်တိုက်ပြီး လဲကျသွားတယ်။ ခရိုင်ရဲတဲ့။ သေသွားတယ်" ဟု ကောလင်း တော်လှန်ရေးအဖွဲ့ - KR က ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မည်သည့်အတွက် ဓားထိုးခံရသည်ကို မသိရသေးဘဲ အချင်းချင်းထိုးသည်လား၊ စကစ လက်အောက်ခံ ဖြစ်နေ၍လား၊ ပုဂ္ဂိုလ်ရေးပြဿနာကြောင့်လား ဆိုသည်ကို သီးခြားအတည်မပြုနိုင်သေးဟု ဒေသခံများက ဆိုသည်။

လက်ရှိတွင်မူ စကစများ ကောလင်းစျေးသို့ ဝင်ရောက်လာကာ စျေးဆိုင်များကို ပိတ်ခိုင်းပြီး စစ်ဆေးမှုများ လုပ်ဆောင်နေသည်ဟု ဆိုသည်။

စစ်ကိုင်းတိုင်း အထက်ပိုင်း ကောလင်းမြို့နယ်အတွင်း စကစများနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားမှုများလည်း ရှိနေသည်။


Mandalay Free Press - MFP

ကောလင်းစျေးတွင် စျေးဝယ်နေသော စကစရဲတစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့် သေ၊ ကောလင်းစျေးတွင် စျေးဝယ်နေသော စကစရဲတစ်ဦး ဓားထိုးခံရကာ ဗိုက်ပွင့် သေ၊ Reviewed by THITHTOOLWIN on 22:36 Rating: 5

No comments:

Powered by Blogger.