စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် လွိုင်ကော် ထူဒူငံသမှ သားမိနှစ်ဦးသည် စိတ်ပုံမှန် မရှိကြသူများဟု ဆို

ဓာတ်ပုံ - ရွှေညောင်ပင်လူမှုကူညီရေးအသင်း။

ဇန်နဝါရီ  ၂၈ရက်၊ ၂၀၂၂ ခုနှစ်။ 

ကရင်နီပြည် (ကယားပြည်နယ်) လွိုင်ကော်မြို့နယ် ထူဒူငံသရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သော သားမိနှစ်ဦးမှာ စိတ်အခြေအနေ ပုံမှန်မရှိသူများဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ကြောင်းထိုးခဲ့ပြီး မွှေနှောက်ဖျက်ဆီးခဲ့သည့် ထူဒူငံသရွာတွင် သေဆုံးသားမိနှစ်ဦး၏ ရုပ်အလောင်းကို ယနေ့ ဇန်ဝါရီလ ၂၈ရက်၌ တွေ့ရှိခဲ့ရပြီး လူမှုကူညီရေးအသင်းက သင်္ဂြိုဟ်ပေးခဲ့ရသည်။

" သူတို့ သားမိနှစ်ယောက်က စိတ်သိပ်မမှန်ကြဘူး ။ တစ်ရွာလုံး စစ်ဘေးရှောင် ကြတဲ့အချိန်မှာ သူတို့က မလိုက်ကြဘူး ။ လိုက်ဖို့ခေါ်တာလည်း မရဘူး " ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ 

ထူဒူငံသရွာသည် တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားသည့် လွိုင်ကော် မိုင်းလုံးရပ်ကွက်နှင့် နီးပြီး ဒေသခံများမှာ ဇန်နဝါရီလ ဒုတိယအပတ်တွင်းက စစ်ဘေးရှောင်နေခဲ့ကြရသည်။

ယခုရက်ပိုင်းအတွင်း၌ စစ်ဘေးရှောင်တချို့ ထူဒူငံသရွာသို့ အခြေအနေကြည့် ပြန်လာကြရာ၌ သေဆုံးနေသော သားမိနှစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

" ကျွန်တော်တို့ကို ဖုန်းဆက်အကြောင်း ကြားတာက မနေ့ ညနေဘက် ၄ နာရီလောက်ကတည်းက ။ ဒါပေမယ့် ကျွန်တော်တို့ ချက်ချင်းသွားယူလို့ မရခဲ့ဘူး "ဟု လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးရုပ်အလောင်းများကို ကောက်ယူနိုင်ရန် စစ်ကောင်စီတပ်ထံအကြောင်းကြားခဲ့ရပြီး ယနေ့ နံနက်ပိုင်း၌ သွားကောက်ယူ၍သင်္ဂြိုဟ်ပေးခဲ့ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

သေဆုံးသူ သားမိနှစ်ဦးမှာ ဒေါ်မူတ (၆၃ နှစ်) နှင့် စောဒါးထူး (၂၃ နှစ်)တို့ဖြစ်သည်။ စောဒါးထူး၏ ကျော၌ သေနတ်ဒဏ်ရာတွေ့ရှိရပြီး မီးလောင်ကျွမ်းထားသည်။

မိခင်ဖြစ်သူ ဒေါ်မူတမှာ ရိုက်နက်နှိပ်စက်ထားသည့် အခြေအနေဖြင့် ကျင်းတစ်တစ်ခုအတွင်း၌ဇောက်ထိုး အနေအထားတွေ့ရှိရသည်ဟု ဒေသခံများ ထံမှသိရသည်။

လက်ရှိလွိုင်ကော်မြို့နယ်အတွင်း တိုက်ပွဲကာလများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက အပြစ်မဲ့အရပ်သားပြည်သူများကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လျက်ရှိနေရာ ယမန်နေ့ကလည်း လွိုင်ကော်မြို့ ရေယိုကျေးရွာမှ အသက်မပြည့်သေးသည့် လူငယ် ၄ ဦး အပါအဝင် ရွာသား ၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ထားခဲ့သည့် ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်။


သံလွင်ခက် - Than Lwin Khet News

စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် လွိုင်ကော် ထူဒူငံသမှ သားမိနှစ်ဦးသည် စိတ်ပုံမှန် မရှိကြသူများဟု ဆို စစ်ကောင်စီတပ်ဖွဲ့ဝင်များ သတ်ဖြတ်ခဲ့သည့် လွိုင်ကော် ထူဒူငံသမှ သားမိနှစ်ဦးသည် စိတ်ပုံမှန် မရှိကြသူများဟု ဆို Reviewed by THITHTOOLWIN on 00:22 Rating: 5

No comments:

Powered by Blogger.