ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊


ဇန်နဝါရီ - ၂၅

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွာစိုးရွာကို စစ်အုပ်စုက ယမန်နေ့ ဇန်နဝါရီ(၂၄)ရက် မနက်ပိုင်းမှ စတင်ကာ အကြမ်းဖက် စီးနင်းဝင်ရောက်ပြီး ရွာသူရွာသားများကို ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

“တစ်ရွာလုံးလည်း ပြေးနေရတယ်။ လူလေးယောက် အသတ်ခံရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဒေသခံများ ထွက်ပြေးနေရသလို အဆက်အသွယ် ပြတ်တောက်နေသဖြင့် သတ်ဖြတ်ခံရသူ အရေအတွက်နှင့် မီးရှို့ခံရသည့် နေအိမ်အရေအတွက် အတိအကျ မသိရသေးဟု ဆိုသည်။

“ရွာစိုးအခြေနေကတော့ ရွာမိီးတင်တယ်။ လူတချိူ့ အသတ်ခံရတယ်။ အခုထိ ရွာမှာ စခတွေ ရှိနေတုန်း" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဇန်နဝါရီ(၂၄)ရက် မနက်ပိုင်းက ရွှေဘိုမြိုနယ် သီးလုံးရွာမှ ရွာစိုးရွာဘက်သို့ ဦးတည်၍ စစ်ကြောင်းထိုးလာသည့် အင်းအား(၂၀၀)ခန့်ရှိသော စစ်အုပ်စုကို ရွှေဘိုဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များဖြစ်သော C&T Shwebo ၊ Snake Eyes ၊ Shwebo Ghosts ၊ ပ.က.ဖ စသည့် တော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့ကြောင်း၊ ရွာစိုးရွာနှင့် ဇီးဖြူကုန်းရွာကြားတွင် တစ်နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စကစ (၁၅)ဦးထက်မနည်း သေသလို စကစများ အများအပြား ဒဏ်ရာရကြောင်း C&T Shwebo အဖွဲ့က ထုတ်ပြန်ထားသည်။

ထို့နောက် စစ်အုပ်စုက ရွာစိုးရွာနှင့် ပေါက်ချိုင်ရွာဘက်သို့ (၆ဝ)မမ ၊ (၄ဝ)မမ လက်နက်ကြီးများဖြင့် အချက် (၃ဝ)ထက်မနည်း ရမ်းကားပစ်ခတ်ခဲ့ပြီးနောက် ကျေးရွာအတွင်း စီးနင်းဝင်ရောက်ကာ အကြမ်းဖက် လူသတ်၊ ဖျက်ဆီးခြင်း ဖြစ်သည်ဟု C&T Shwebo အဖွဲ့က ဆိုသည်။

“ရွာသူရွာသားများနှင့်အတူ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့သည်။ ရွာထဲ၌ ပုန်း‌အောင်းကျန်ရစ်ခဲ့သော ရွာသူရွာသားအချိုကို ဖမ်းဆီးပြီး လူသားဒိုင်းလုပ်၊ လမ်းပြခိုင်း၍ ကာကွယ်ရေး အဖွဲအစည်းများ အထိုင်ချခဲ့သော ရွာစိုးအနီးရှိ စခန်းကို လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ မီးရှိဖျက်ဆီးခဲ့သည်။ ရွာသားနှစ်ဦး အရှင်လတ်လတ်မီးရှိ သတ်ဖြတ်ခံရပြီး ရွာလုံးကျွတ် မီးရိူဖျက်ဆီးခံခဲ့ရသည်” ဟု C&T Shwebo အဖွဲ့က ဖော်ပြသည်။

စစ်အုပ်စုသည် ယနေ့ အချိန်ထိ အဆိုပါ ရွှေဘိုမြိုကနယ် ရွာစိုးရွာအတွင်း စီးနင်းထားဆဲဖြစ်သည်ဟု ဒေသခံများက ဆိုပြီး MFP အနေဖြင့်လည်း ရွာစိုးရွာအတွင်း ဆက်လက်ဖြစ်ပွားနေသည့် အခြေအနေများကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

စစ်အုပ်စုသည် ရွာစိုးရွာ အပါအဝင် တိုက်ပွဲဖြစ်ပွားရာ ဒေသများရှိ ကျေးရွာ၊ မြို့ပြများသို့ စီးနင်းခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်များဖြင့် ဗုံးကျဲခြင်း၊ အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ ပစ္စည်းလုခြင်း၊ အရပ်သားပြည်သူများကို အသေခံလူသားဒိုင်းအဖြစ် အသုံးချခြင်းကဲ့သို့ အကြမ်းဖက်မှုများ ထင်တိုင်းကျဲ လုပ်ဆောင်နေသည်ဟု ကိုယ်တိုင်ကြုံရသူများက ပြောသည်။


Mandalay Free Press - MFP

ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊ ရွှေဘို ရွာစိုးရွာကို စစ်အုပ်စုက စီးနင်းဝင်ရောက်ကာ ဒေသခံများကို သတ်ဖြတ်ပြီး ရွာကို မီးရှို့၊ Reviewed by THITHTOOLWIN on 23:02 Rating: 5

No comments:

Powered by Blogger.