ပေါက်က ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၁ ဦးကို မီးရှို့ခဲ့ဟုဆို


ပေါက်၊ ဇန်နဝါရီ ၂၃၊ ၂၀၂၂။

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ထန်းတောဦးရွာကို ဇန်နဝါရီ ၂၂ ရက်မနေ့က စစ်တပ်ကဝင်ရောက်ဖျက်ဆီးပြီး ရွာသားတဦးကိုလည်း မီးရှို့သတ်ဖြတ်သွားတယ်လို့ King Fight SGF ဆီကသိရပါတယ်။

အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၁ ရက်ကတည်းက အဲ့ဒီရွာထဲမှာ တပ်စွဲထားပြီး မနေ့ကမှ ရွာထဲက အိမ်တွေကို တအိမ်တက်တအိမ်ဆင်း မွှေနှောက်ရွာဖွေတာတွေလုပ်ပြီး  ရွာသားအချို့ကို ဖမ်းဆီးကာ အဲ့ဒီထဲက တဦးကိုတော့ သတ်ပြီးမီးရှို့ခဲ့တာဖြစ်နိုင်တယ်လို့   King Fight SGFမှ ဗိုလ်မတ်သံလုံက ပြောပါတယ်။ 

“အိမ်တွေမီးရှို့တာတော့မလုပ်ဖူး၊ ဖျက်ဆီးတယ်၊ သူတို့လိုချင်တာယူသွားတယ်၊ ဖမ်းသွားတာတွေရှိတယ်၊ စစချင်းဖမ်းတာက ၇ ယောက်ဖမ်းတယ်၊ ရွာကို ၄ ယောက်ပြန်ရောက်လာ တယ်၊ ၃ ယောက်တော့ ပျောက်နေတာ၊ တယောက်ရဲ့ ပြာပုံကိုတော့တွေ့တယ်၊ “ လို့ သူကပြောပါတယ်။ 

ဒါ့အပြင် လယ်ယာရွာ နဲ့ သစ်ညီနောင်ရွာတွေကိုလည်း စစ်ကောင်စီက မွှေနှောက်ရှာဖွေတာတွေလုပ်ခဲ့ပြီး  စစ်ရှောင်နေတဲ့ နေရာတခုက ပြည်သူတဦးကိုလည်း ဖမ်းဆီးသွားခဲ့သေးတယ်လို့  သိရပါတယ်။ 

PDF ရဲဘော်တွေအနေနဲ့ စစ်ကောင်စီတပ်တွေလာတဲ့ လမ်းကြောမှာ မိုင်းတွေဆင်ထားပေမယ့် ပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် မဖောက်ခွဲဖြစ်ခဲ့ဘူးလို့ လည်း King Fight SGFမှ ဗိုလ်မတ်သံလုံက ဆိုပါတယ်။ 

“ သူတို့မဝင်ခင် ကတည်းက ပြန်ပြီးခုခံဖို့ မိုင်းတွေကအစဆင်ပြီးသား၊ ဒါပေမဲ့ ဒီဘက်ကပြည်သူတွေ ပိုပြီးတော့အထိနာမှာစိုးလို့ ကျနော်တို့မိုင်းတွေမခွဲပဲနဲ့ ရှောင်ပေးလိုက်တာဗျ၊ပြည်သူတွေအနေနဲ့ကတော့အတတ်နိုင်ဆုံးလုံခြုံတဲ့နေရာကို ရှာပြီးနေစေချင်တယ်၊ “ လို့ သူကပြောပါတယ်။ 

မကွေးတိုင်းအတွင်းက ကျေးရွာတွေမှာ စစ်တပ်က မကြာခဏတပ်စွဲကာ ရွာတွေကို မီးရှို့ဖျက်ဆီး၊  ဒေသခံတွေကိုလည်းမတရားဖမ်းဆီးနှိပ်စက်တာတွေလုပ်နေတာကြောင့် ဒေသခံတွေလည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေကြရပါတယ်။ 


မြေလတ်အသံ - Myaelatt Athan 

ပေါက်က ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၁ ဦးကို မီးရှို့ခဲ့ဟုဆို ပေါက်က ကျေးရွာအချို့ကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးပြီး ရွာသား ၁ ဦးကို မီးရှို့ခဲ့ဟုဆို Reviewed by THITHTOOLWIN on 01:35 Rating: 5

No comments:

Powered by Blogger.