ဇန်နဝါရီ - ၂၃
မန္တလေးမြို့အနှံ့ စကစများ ကင်းစောင့်နေသည့်ကြားက ပြည်ကြီးတံခွန်၊ မဟာအောင်မြေနှင့် ချမ်းအေးသာစံ မြို့နယ်များရှိ စကစနှင့် ဆက်စပ်သော နေရာ သုံးနေရာထက် မနည်းတွင် ယနေ့ မနက်ပိုင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်များက MFP သို့ ပြောသည်။
ယနေ့ ဇန်နဝါရီ(၂၃)ရက် မနက်(၆)နာရီ ဝန်းကျင်က မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်ရှိ စကစ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူး နေအိမ်နှင့် စကစ သတင်းပေးဒလန်အဖြစ် နာမည်ထွက်သူ စစ်မှုထမ်းဟောင်းတစ်ဦး၏ နေအိမ်တို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။
ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (အ-၁၇)ရှိ စကစခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစောနိုင်၏ နေအိမ် ဗုံးထုခံရကာ ပေါက်ကွဲခဲ့သော်လည်း လူနှင့် အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက ဆိုသည်။
မရှေးမနှောင်းမှာပင် အဆိုပါ ပြည်ကြီးတံခွန်မြို့နယ်၊ (ဂ)ရပ်ကွက်၊ (ဠ-၂၆) ရှိ စစ်မှုထမ်းဟောင်း ဦးကျော် ဆိုသူ၏ နေအိမ်လည်း ဗုံးထုခံရကာ ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှု မရှိသော်လည်း နေအိမ်အဆောက်အဦး အနည်းငယ်ထိခိုက် ပျက်စီးသွားသည်ဟု နီးစပ်သူများက ဆိုသည်။
ထို့နောက် နံနက်(၆)နာရီခွဲ ဝန်းကျင်တွင် မဟာအောင်မြေမြို့နယ်၊ သံလျက်မော် အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးထုခံရကာ အဆောက်အဦး သွပ်မိုး ထိခိုက်ပျက်စီးမှု ရှိခဲ့သည်။ အဆိုပါ ရပ်ကွက်ရုံးသည် စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရသဖြင့် အသစ်ပြန်လည် တည်ဆောက်နေခြင်း ဖြစ်ပြီး မကြာခဏ ဖောက်ခွဲတိုက်ခိုက်ခံနေရကြောင်း ဒေသခံများက MFP သို့ ပြောသည်။
ဆက်လက်၍ ယနေ့ နံနက်(၈)နာရီဝန်းကျင်တွင် ချမ်းအေးသာစံမြိုကနယ် ရရလမ်းနှင့် ၂ရလမ်းထောင့်ရှိ စည်ပင်အမှိုက်ပုံးအနီးတွင် မပေါက်ကွဲသေးသော ချိန်ကိုက်မိုင်းတစ်လုံး တွေ့ရှိခဲ့ကြောင်း စစ်ကောင်စီ ရဲအသိုင်းအဝိုင်းက ဆိုသည်။ အဆိုပါ ချိန်ကိုက်ဗုံး တွေ့ရှိရာ နေရာသည် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း (MESC) ရုံးအနီးဖြစ်သလို ရပ်ကွက်ရုံးနှင့် မြို့နယ်ထွေအုပ်ရုံးများလည်း မနီးမဝေးတွင် တည်ရှိသည်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုများနှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ရရလမ်းနှင့် ၂ရလမ်းထောင့်၊ တိုင်းလျှပ်စစ်ရုံးအနီး စည်ပင်အမှိုက်ပုံဘေးတွင် ချိန်ကိုက်မိုင်း တွေ့သည်ဟုဆိုကာ စကစများ ရှင်းလင်းနေစဉ်/ Photo – CJ
Mandalay Free Press - MFP
No comments:
Post a Comment