မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊


ဇန်နဝါရီ - ၂၈

မန္တလေးမြို့၌ စကစ ရဲများအတွက် နယ်မြေခံ သတင်းပေး (အင်ဖော်မာ)အဖြစ် လုပ်ကိုင်နေသူ အမျိုးသားတစ်ဦး ယနေ့ ညနေပိုင်းက မဟာအောင်မြေမြို့နယ် (၉၂)လမ်း နှင့် (၄၁)လမ်းအနီးတွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံရသော်လည်း အသက်မသေသေးကြောင်း ဒေသခံသတင်းရင်းမြစ်များက MFP သို့ ပြောသည်။

"သေနတ်နဲ့ သုံးချက်ပစ်တာ၊ မသေဘူး။ လက်မောင်း နဲ့ ပေါင် မှန်တယ်လို့ ကြားတယ်" ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ ဇန်နဝါရီ(၂၈)ရက် ညနေ(၄)နာရီကျော်က မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အနောက်ရပ်ကွက်၊ လှည်းတန်းရပ်တွင် စစ်အုပ်စုအတွက် နယ်မြေခံ ရဲသတင်းပေး (အင်ဖော်မာ)အဖြစ် လုပ်ကိုင်နေသူ အသက်(၄၀)ကျော်အရွယ် ဝင်းဇော်မိုး ဆိုသူ သေနတ်ပစ်ခံရခြင်း ဖြစ်သည်ဟု စစ်ကောင်စီ ရဲအသိုင်းအဝိုင်းနှင့် နီးစပ်သူများက MFP သို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ MFP အနေဖြင့် အသေးစိတ် အခြေအနေများ မသိရသေးပါ။

မဟာအောင်မြေမြို့နယ်၊ သံလျက်မော် နောက်ရပ်ကွက်အတွင်း စကစနှင့် ဆက်စပ်သူများ၊ စကစ လက်အောက်ခံ ရုံး၊ ဌာနများ မကြာခဏ ဖောက်ခွဲတိုက်ခိုက်ခံနေရသလို သတင်းပေးဒလန်နှင့် စကစခန့် အုပ်ကြီးများလည်း ပစ်သတ်ခံရမှုများ ရှိခဲ့ကာ ပြီးခဲ့သည့် လများအတွင်း သံလျက်မော် အနောက်ရပ်ကွက်ရှိ စကစခန့် ရပ်ကွက်ဥက္ကဌတစ်ဦးနှင့် သတင်းပေးဒလန်တစ်ဦး အသတ်ခံခဲ့ရသည်။


Mandalay Free Press - MFP

မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊ မန္တလေး၌ စကစ ရဲသတင်းပေးတစ်ဦး သေနတ်သုံးချက် ပစ်ခတ်ခံရ၊ မသေ၊ Reviewed by THITHTOOLWIN on 00:38 Rating: 5

No comments:

Powered by Blogger.