လွိုင်ကော်တွင် စစ်​ရှောင်ပြည်သူများ၏ ​နေအိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး


လွိုင်ကော် - ဇန်နဝါရီ ၂၈ ၊ ၂၀၂၂ ။ 

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်အတွင်းရှိ နေအိမ်ငါးလုံး ယနေ့ နံနက် ကိုးနာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့​ကြောင်း သိရသည်။ 

​မီး​​လောင်မှုဖြစ်ပွားခဲ့​သော ဒေါဥခူရပ်ကွက်တွင် စစ်ကောင်စီစစ်​ကြောင်းက တပ်စွဲခဲ့ကြောင်း ယုံကြည်ထိုက်သည့် ရင်းမြစ်တစ်ဦးက The 74 Media ကိုပြောသည်။ 

“ကျွန်တော်တို့ကို ငယ်ငယ်က စာသင်ပေးတဲ့ ဆရာမအိမ်ပါသွားတယ်။ အားလုံးပေါင်း ငါးလုံးမီးထဲပါသွားတယ်။ အဲ့နေရာက စစ်ကောင်စီတပ်စွဲထားတယ် ဟိုတစ်လောက"ဟု ပြောသည်။ 

နေအိမ်မီးလောင်ကျွမ်းမှုကို ဒေသခံပြည်သူများက မငြိမ်းနိုင်သည့်အတွက် လွိုင်ကော်မြို့ မီးသတ်တပ်ဖွဲ့မှ သွားရောက်မီးသတ်ခဲ့ကြောင်း သူက ပြောသည်။ 

“ကျွန်တော်တို့ ကိုယ်တိုင် မီးဝိုင်းသတ်သေးတယ်။ လူ(ရွာသား) တွေကို မီးငြိမ်းဖို့ခေါ်တယ်။ စစ်ကောင်စီတပ်တပ်စွဲထားတာသိတော့ ကြောက်လို့  မလာကြဘူး။  မီးက အရှိန်ကြီးလာတော့ မနိုင်တော့လို့ မီးသတ်ကားခေါ်ကြတာ။ အစကတော့ နှစ်စီးလာတယ်။ သူတို့မနိူင်မှန်းသိတော့နောက်ထပ်နှစ်စီးရောက်လာတယ်။ စုစုပေါင်း လေးစီးပေါ့။  မီးလောင်ပြီး တစ်နာရီကျော်ပြီးမှ လာတယ်”ဟု ပြောသည်။ 

မီးလောင်သွားသော နေအိမ် ငါးလုံးသည် စစ်ရှောင်ပြည်သူများ၏ နေအိမ်များဖြစ်ကြောင်း သူက ပြောသည်။ 

လွိုင်ကော်မြို့တွင် တိုက်ပွဲများကြောင့် မြို့လုံးကျွတ်နီးပါး စစ်ဘေးရှောင်နေကြရပြီး ကျေးရွာရပ်ကွက်များရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ဖောက်ထွင်းခံထားရမှုများရှိနေကြောင်း သူကပြောသည်။ 

စစ်ကောင်စီ၏လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လွိုင်ကော်မြို့တွင် ခရစ်ယာန်ဘုရားကျောင်းအပါအဝင် လူနေအိမ်အများအပြား ပျက်စီးခဲ့ပြီး ဒေသခံလူဦးရေ တစ်သိန်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။


The 74 Media 

လွိုင်ကော်တွင် စစ်​ရှောင်ပြည်သူများ၏ ​နေအိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး လွိုင်ကော်တွင် စစ်​ရှောင်ပြည်သူများ၏ ​နေအိမ်များကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 00:32 Rating: 5

No comments:

Powered by Blogger.