နေ့စဥ်တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနေ


ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၂ ခုနှစ် 

တိုက်ပွဲများ နေ့စဥ်ရက်ဆက်ပြင်းထန်ဖြစ်ပွားနေသည့် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ဒေသခံ ပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနေသည်ဟု သိရသည်။

ကော့ကရိတ်တွင် နယ်မြေကျူးကျော် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ ဇန်နဝါရီလ ၁၃ ရက်ကတည်းက နေ့စဥ်တိုက်ပွဲ ပြင်းထန်ဖြစ်ပွားနေခဲ့သည်။

ယမန်နေ့ ဇန်နဝါရီလ ၁၅ ရက်တွင် ကော့ကရိတ်မြို့နယ် ရွာသစ်နှင့်မြို့ဟောင်းဘက်တို့၌ ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ကူလာ၍တိုက်ခိုက်ခဲ့ရသည်အထိ  ပြင်းထန်ခဲ့သည်။

" စကစတွေက လက်နက်ကြီးတွေနဲ့ တောက်လျောက်ပစ်တယ်။  ပြီးရင် စနိုက်ပါသမားကလည်းထောက်ထားတော့ ကျဆုံးသွားတဲ့ရဲဘော်တစ်ယောက်ရဲ့ အလောင်းကိုကောက်လို့မရသေးဘူး " ဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က သံလွင်ခက်ကို ပြောသည်။ 

ယမန်နေ့က နံနက်အစောပိုင်း ၆နာရီမှစ၍ နေ့လည်ပိုင်းအထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့သည့်ကော့ကရိတ်တိုက်ပွဲ၌  KNLA ပူးပေါင်းတပ်မှ တပ်ဖွဲ့ဝင် ရဲဘော် ၃ ဦးကျဆုံးခဲ့သည်ဟု တိုက်ပွဲတွင်းမှ ရဲဘော်တစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဘက်မှလည်းထိခိုက်သေဆုံးမှုရှိသည့် အခြေအနေတွင်ရှိသော်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည့်အတွက် အရေအတွက်ကို မသိရှိရနိုင်သေးဟု ၎င်းက ဆက်လက်ပြောကြားသည်။

ယမန်နေ့က မြေပြင်ထိတွေ့တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ညလုံးပေါက်ပစ်ခတ်နေခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ 

"  ညကလက်နက်ကြီးသံတွေ တစ်ညလုံးကြားနေရတယ် ။  မနက်မိုးလင်းတော့လည်းလက်နက်ကြီးသံ တွေကြီးဘဲကြားရတယ် ။ ကျွန်တော်တို့ အိမ်တွေ လက်နက်ကြီးမှန်တယ်လို့ကြားရတယ်" ဟု ဒေသခံတစ်ဦးက ပြောသည်။

ကော့ကရိတ်တွင် ယနေ့ ဇန်နဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၆ နာရီကတည်းက တိုက်ပွဲဖြစ်ပွားနေခဲ့ပြီး နေ့လည် ၂နာရီခွဲအချိန်ထိ လက်နက်ကြီးသံများ ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။ 

ယခုလ ဇန်နဝါရီ၁၃ ရက်တွင် ကော့ကရိတ် မြို့တောင်ဘက် အံဖကြီးကျေးရွာအုပ်စု ကမိုင်ကုန်း၊ မြို့ဟောင်းကျေးရွာ လမ်းမကြီးအတိုင်း အင်အားအများအပြားဖြင့် နယ်ကျော်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNLA ပူးပေါင်းတပ်များ၏ ဝိုင်းပတ်ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်နေသောကြောင့် ယနေ့အထိ တိုက်ပွဲပြင်းထန်နေခြင်း ဖြစ်သည်ဟု ဒေသခံသတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။


သံလွင်ခက် - Than Lwin Khet News

နေ့စဥ်တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနေ နေ့စဥ်တိုက်ပွဲပြင်းထန်နေသည့် ကော့ကရိတ်တွင် ဒေသခံပူးပေါင်းတပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိနေ Reviewed by THITHTOOLWIN on 22:31 Rating: 5

No comments:

Powered by Blogger.