ဝမ်းတွင်းမြို့နယ် ဒလန် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံသုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး၊


ဇန်နဝါရီ - ၃၀

မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ စကစ သတင်းပေးဒလန်ဆိုသူ အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံ သုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီးရမိကြောင်း သတင်းလွှင့်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက စကစ သတင်းပေးအဖြစ် နာမည်ထွက်သူ ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာ ဘုန်းကြီးတစ်ပါး အသတ်ခံရမှုနှင့် ဇန်နဝါရီ(၂၈)ရက်က ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး အသတ်ခံရမှုတို့နှင့် ပတ်သက်၍ စစ်အုပ်စုက ဇန်နဝါရီ(၂၉)ရက်တွင် ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအနီး၌ ဆိုင်ကယ်ဆီဖြည့်နေသည့် ဒေသခံအမျိုးသား သုံးဦးကို လူသတ်မှုကျူးလွန်သူများဟု စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စစ်အုပ်စုက ပစ်သတ်ခဲ့သည့် အမျိုးသားသည် မည်သူမည်ဝါ ဖြစ်သည်ကို မသိရသေးဘဲ နှစ်ဦးသည် ဝမ်းတွင်းမြို့နယ် သဲတောလေးကျေးရွာနေ ကိုနှင်းမောင်နှင့် ကိုကျော်သက်တို့ ဖြစ်သည်ဟု စစ်ကောင်စီ အသိုင်းအဝိုင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်အုပ်စုက သတင်းလွှင့်ရာတွင် “ဇန်နဝါရီ(၂၉)ရက် မနက်ပိုင်းက ဝမ်းတွင်းမြို့နယ်၊ တဲစုကျေးရွာအနီး၌ ဆိုင်ကယ်ဆီဖြည့်နေသည့် မသင်္ကာဖွယ် အမျိုးသား သုံးဦးကို တာဝန်ရှိသူများက သွားရောက်စစ်ဆေးရာတွင် နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ်ခဲ့ပြီး အဆိုပါ အမျိုးသား သုံးဦးအနက် တစ်ဦး သေဆုံးကြောင်း၊ နှစ်ဦးကို ပစ္စတို သေနတ် နှစ်လက်၊ ခြောက်လုံးပြူး သေနတ် တစ်လက်၊ ကျည်မျိုးစုံ (၉၀)တောင့် နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းတိုအား ကနဦး စစ်ဆေးချက်များအရ သဲတောလေးကျေးရွာ ကျောင်းထိုင်ဆရာတော်အား လုပ်ကြံသတ်ဖြတ်ခဲ့သူများ ဖြစ်သည်ဟု ထွက်ဆိုထားကြောင်း သိရသည်” ဟု ဖော်ပြသည်။

ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်သန်းသည် စစ်အုပ်စုနှင့် ပူးပေါင်းကာ ဒေသခံများကို ဒုက္ခပေးနေသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်း ဝမ်းတွင်းတော်လှန်ရေးတပ်ဦး - WTRF က ထုတ်ပြန်ထားသည်။

ဝမ်းတွင်းမြို့နယ်အတွင်း စကစ သတင်းပေး ဒလန်များ အသတ်ခံရခြင်း၊ ပေါက်ကွဲမှုများ ဖြစ်ပေါ်ခြင်း စသည့် စကစနှင့် ဆက်စပ်သူများ တိုက်ခိုက်ခံရတိုင်း စစ်အုပ်စုက ဒေသခံ အရပ်သားပြည်သူများကို စွပ်စွဲရန်ပြုကာ ဖမ်းဆီး၊ သတ်ဖြတ်လေ့ရှိသည်ဟု ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဝမ်းတွင်းမြို့နယ်အတွင်း ဒလန် အသတ်ခံရမှုနှင့် ဒလန်အိမ် ဗုံးပေါက်မှုများနှင့် ပတ်သက်၍ စစ်အုပ်စုက နတ်နန်းကျေးရွာသို့ အကြမ်းဖက် စီးနင်းဝင်ရောက်ကာ ဒေသခံ ရွာသားနှစ်ဦးကို ပစ်ခတ်သတ်ဖြတ်ပြီး (၁၃)ဦးကို ဖမ်းဆီးခဲ့သလို ခင်ကြီးကျေးရွာသို့လည်း အကြမ်းဖက်စီးနင်းကာ ဆယ်ချီသော ဒေသခံများကို ဖမ်းဆီးနှိပ်စက်ခဲ့သးသည်။ 


Mandalay Free Press - MFP

ဝမ်းတွင်းမြို့နယ် ဒလန် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံသုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး၊ ဝမ်းတွင်းမြို့နယ် ဒလန် အသတ်ခံရမှုနှင့် ပတ်သက်၍ စစ်အုပ်စုက ဒေသခံသုံးဦးကို စွပ်စွဲကာ တစ်ဦးကို ပစ်သတ်ပြီး နှစ်ဦးကို ဖမ်းဆီး၊ Reviewed by THITHTOOLWIN on 22:22 Rating: 5

No comments:

Powered by Blogger.