နဘုလယ်မှာ ဒလန်ဆိုသူတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်တပ်က ပြည်သူတွေကို အကြမ်းဖက်ဖမ်းဆီး၊ အမျိုးသားတစ်ဦးကို သေနတ်နဲ့တေ့ပစ်ပြီးဖမ်းခေါ်သွား၊ လယ်တဲတွေကိုလည်းမီးရှို့
တနင်္သာရီတိုင်းမ်၊ ဇန်နဝါရီ ၁၇
ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသက ထိန်ကြီးရွာမှာ ဒလန်လို့နာမည်ကြီးသူတစ်ဦး ပစ်သတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဟာ ပြည်သူတွေကိုအကြမ်းဖက်ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိန်ကြီးရွာက ဦးဇော်ဆိုသူဟာ ဇန်နဝါရီလ ၁၂ ရက်ညနေပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။
အဲဒီနေ့ညမှာပဲ ထိန်ကြီးရွာက ဦးထွန်းငြိမ်း၊ ဦးဝင်းဇော်နဲ့ မူးဒူးရွာကကိုဇော်ဦးနဲ့ ကိုဇေယျာဦးတို့ကို စစ်ကောင်စီတပ်တွေလာရောက်ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။
မူးဒူးရွာက ကိုဇော်ဦးနဲ့ ကိုဇေယျာဦးတို့ညီအစ်ကို နှစ်ဦးကို လာရောက်ဖမ်းဆီးချိန်မှာ ရိုက်နှက်ဖမ်းဆီးခဲ့ပြီး နေအိမ်တစ်ခုလုံးကို ရိုက်ဖျက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုဇေယျာဦးကို နေအိမ်ပေါ်မှာပဲ မျက်နှာကိုခြေထောက်နဲ့နင်းပြီး လက်မောင်းကိုသေနတ်နဲ့တေ့ပစ်ပြီးမှ ဖမ်းခေါ်သွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
နောက်တစ်နေ့ည ဇန်နဝါရီလ ၁၃ ရက်ည မှာ စစ်ကောင်စီတပ်သားတွေထပ်ရောက်လာပြီး ကိုဇော်ဦးတို့ပိုင်ဆိုင်တဲ့ လယ်တဲ အပါအဝင် အနီးအနားက လယ်တဲ ၆ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
ထိန်ကြီးရွာက ဒလန်လို့နာမည်ကြီးသူ ဦးဇော်ကို ရေဖြူPDF က သုတ်သင်ရှင်းလင်းခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
The Tanintharyi Times
No comments:
Post a Comment