စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ရွှေဒါးကန်ရွာက ဒေသခံအမျိုးသားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး ကြိုးတုပ်ကာ လည်လှီးသတ်ဖြတ်သွားတယ်လို့ ကျန်ရစ်သူ မိသားစုဝင်တွေက MFP ကို ပြေပါတယ်။
စစ်အုပ်စုဟာ ဒီဇင်ဘာ ၃၁ ရက်မှာ ရွှေဒါးကန်ရွာကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး သူတို့ ဖမ်းမိတဲ့ ရွာသားနှစ်ဦးကို ကြိုးတုပ်ပြီးတော့ လည်လှီးသတ်ဖြတ်သွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ ရွှေဒါးကန်ရွာသား နှစ်ဦးဟာ သာမန် တောင်သူလယ်သမား အရပ်သားတွေ ဖြစ်ပြီး ထွေလာဂျီမောင်းတဲ့ အသက်(၃၃)နှစ်အရွယ် ကိုကျော်သူနဲ့ တောင်သူလုပ်ငန်းလုပ်တဲ့ အသက်(၆၄)နှစ်အရွယ် ဦးဝင်မြင့် ဆိုသူတို့ ဖြစ်ပါတယ်။
ကိုကျော်သူဟာ ထော်လာဂျီမောင်းရင်း မိသားစုကို ရှာဖွေကျွေးမွေးနေသူဖြစ်သလို သားကို ရှင်းပြုနိုင်ဖို့အတွက် ကြိုးစားနေချိန်မှာ စစ်ကောင်စီရဲ့ အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ ဇနီးဖြစ်သူက ဆိုပါတယ်။
နောက်ထပ် စစ်ကောင်စီရဲ့ လည်လှီးသတ်ဖြတ်တာကို ခံခဲ့ရတဲ့ အသက်(၆၄)နှစ်အရွယ် ဦးဝင်မြင့်ကတော့ သူက အသက်အရွယ် ကြီးပြီဖြစ်တာကြောင့် စစ်ကောင်စီက ရန်ပြုမှာမဟုတ်ဘူးလို့ ထင်ပြီး ရွာက ထွက်မပြေးဘဲ အိမ်မှာပဲနေခဲ့ချိန် ဖမ်ဆီးသတ်ဖြတ်ခံလိုက်ရတာလို့ ဇနီးဖြစ်သူက ပြောပါတယ်။
စစ်ကောင်စီဟာ ဒီပဲယင်းမြို့နယ် အပါအဝင် စစ်ကိုင်းတိုင်းအတွင်း မြို့နယ်တွေက ကျေးရွာတွေကို ရွာစဉ်ပတ်မွှေ သောင်းကျန်းပြီး လူသတ်တာ၊ လုယက်တာ၊ ခိုးယူတာ၊ နေအိမ်မီးရှို့တာ၊ ဒေသခံတွေကို ဖမ်းဆီးနှိပ်စက်တာ၊ လူသားဒိုင်းအဖြစ် အသုံးချတာတွေ ထင်တိုင်းကျဲ လုပ်ဆောင်နေတယ်လို့ ကိုယ်တိုင်ကြုံရသူတွေက ဆိုပါတယ်။
စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖေါ်ဝါရီ(၁)ရက်က စပြီး ယခု ဇန်နဝါရီ(၈)ရက်အထိ နိုင်ငံတဝန်းမှာ စစ်ကောင်စီက သတ်ဖြတ်ခဲ့တဲ့ အရပ်သားပြည်သူ (၁၄၄၇) ဦးရှိသွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။
Mandalay Free Press - MFP
No comments:
Post a Comment