ကန့်ဘလူနယ်တွင် ယနေ့ စကစများကို ငါးကြိမ် မိုင်းဆွဲ၊ စစ်အုပ်စု အသေအပျောက်များ၊ အထိနာသော စစ်အုပ်စုက စိတ်ဝေဒနာရှင်တစ်ဦးကို ပစ်သတ်ကာ ဒေသခံများကို ဖမ်းဆီး၊


ဇန်နဝါရီ - ၉

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၌ ယနေ့ ဇန်နဝါရီ(၉)ရက်တွင် အကြမ်းဖက် စစ်အုပ်စုကို တစ်နေ့တည်းဖြင့် နေရာ ငါးနေရာ၌ ငါးကြိမ် မိုင်းဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ စကစများ အထိနာ အသေများကြောင်း KANBALU UNDERGROUND WARRIORS – KBU UG က သတင်းထုတ်ပြန်သည်။

အကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရကာ အထိနာ အသေများသော အကြမ်းဖက် စစ်အုပ်စုသည် ဇီးကုန်းမြို့အနောက်ဘက် ကျောင်းကြီးအထွက် ၄င်းတို့ မိုင်းဆွဲခံရသော နေရာအနီးရှိ စိတ်ဝေဒနာရှင် ပြည်သူတစ်ဦးကို ပစ်သတ်သွားသလို ရင်ခတ်ကုန်းရွာ နှင့် ငါးရာနဲရွာကြားတွင် တွေ့ရှိသော အရပ်သားပြည်သူများကိုလည်း ဖမ်းဆီးသွားသည်ဟု KBU UG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယမန်နေ့ ဇန်နဝါရီ(၈)ရက်က ကန့်ဘလူမြို့နယ် ချင်မြစ်ကျင်းရွာ နှင့် ပျူစခန်းတည်ရှိရာ တင်ကုတ်ကြီးရွာ ကြားရှိ စစ်ခေါင်းဆောင်ပိုင် တာဝါတိုင်ကို ဖောက်ခွဲမီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ယင်းတာဝါတိုင်ကို လာရောက်စစ်ဆေးသော စကစများကို အကြိမ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

KBU – UG ၏ ထုတ်ပြန်ချက်အရ “ယနေ့ မနက် (၁၀)နာရီခွဲတွင် အထက်ပါ ဖျက်ဆီးခံရသည့် တာဝါတိုင်ကို ကြည့်ရှုရန် ဇီးကုန်းမှ ထွက်လာသော ခွေးကားကို ရင်ခတ်ကုန်းရွာ နှင့် ငါးရာနဲရွာ ကြားရှိ တံတားအရောက်တွင် မိုင်းဆွဲရာ ခွေးကားအထိနာ၍ အသေအပျောက်များရှိခဲ့သည်”ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် “ခွေးအသေအပျောက်များ ရှိနေသော ဇီးကုန်း-ငါးရာနဲ-တင်ကုတ်ကြီး-ထန်းကုန်းလမ်း အား အသုံးမပြုရဲသော ခွေးတစ်သိုက်သည် ဇီးကုန်း-ကာဘိုး-တင်ကုတ်ကြီး-ထန်းကုန်းလမ်း အား အသုံးပြုနိုင်ရန် လှည့်လည်စုံစမ်းနေသော ရှေ့ပြေးခွေးကင်းထောက်ကားကို ဇီးကုန်း  နှင့် ကာဘိုး ကြားတွင် ထပ်မံမိုင်းခွဲလိုက်ရာ ခွေးကင်းထောက်ကား တဖန်အထိနာသွားပြန်သည်” ဟု KBU – UG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် (၁၁)နာရီခွဲအချိန်တွင် “ခွေးစိတ်ပေါက်၍ ခွေးသွေးနားထင်ရောက်နေသော ခွေးတသိုက်သည် ဆိုင်ကယ်များဖြင့် ကင်းလှည့်ကား မိုင်းထိရာနေရာသို့ လိုက်လာချိန် လက်ကျန်မိုင်းအား ထပ်ခွဲလိုက်ရာ ခွေး ငါးကောင်ခန့် အထိနာ၍ နေရာတွင် သွေးများအိုင်၍ အသေအပျောက်လည်း ရှိနိုင်သည်” ဟု ဆိုသည်။

ဆက်လက်၍ ညနေ(၃)နာရီကျော် အချိန်တွင် “ခွေးအသေနှင့် ဒဏ်ရာရခွေးများ လာသယ်၍ ဘေးပတ်ဝန်းကျင်အား ဆဲဆိုပတ်ရမ်းသွားသော ခွေးကားကို ဇီးကုန်း အနောက် ကျောင်းကြီးအထွက် ပြွန်တံတားတွင် အသင့်ချထားသော ပါဆယ်မိုင်းအား ထပ်ခွဲလိုက်ရာ ခွေးကားမှန်များ ကွဲ၍ အထိနာကာ တန်းရပ်သွားသည်။ အထိနာသွားသော ခွေးကောင်များသည် ကြောက်ရမ်းရမ်း၍ ခွေးရူးစိတ်ပေါက်ကာ ဘေးရှိ စိတ်ကျန်းမာ‌ရေး မကောင်းသည့် အပြစ်မဲ့ပြည်သူတစ်ဦးအား သေနတ်ဖြင့် ပစ်သတ်လိုက်ကြသည်” ဟု KBU – UG က ဆိုသည်။

တချိန်တည်းမှာပင် ယနေ့ နေ့လည်(၂)နာရီခွဲတွင် ကန့်ဘလူမြို့နယ်၊ ရဲဒွေးကျေးရွာအနီး လှည့်လည်သွားလာနေသော စစ်အုပ်စုကို ထန်းကုန်း နှင့် ဇီးပင်သာ ကြားတွင် အဝေးထိန်းစနစ် အသုံးပြု၍ တူမီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စကစများ  အထိခိုက် အသေပျောက် အခြေအနေ မသိရသေးဟု KBU – UG က ထုတ်ပြန်သည်။

“ကျွန်တော်တို့ မစ်ရှင်များသည် သေသေချာချာ အချိန်ယူ လူအပင်ပန်းခံပြီး လုပ်ဆောင်ရသောကြောင့် အခွင့်အရေးကို လက်လွတ်ခံ၍ မဖြစ်နိုင်ပါ။ မစ်ရှင်ချိန်အတွင်း ခွေးဆွဲခံရသော အပြစ်မဲ့ပြည်သူများကိုလည်း အနူးညွတ် တောင်းပန်အပ်ပါသည်။ ခွေးအလောင်းကောင်များ စီနေသော ယခုမစ်ရှင်သည် ကျွန်တော်တို့အတွက် ပင်ပန်းရကျိုးနပ်ခဲ့ပါသည်” ဟု KBU – UG က ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် မိုင်းထိသေသည့် စကစ အလောင်းများကို ဇီးကုန်းသုသာန်သို့ သယ်‌ယူသွားကြောင်းနှင့် စစ်အုပ်စုက ၄င်းတို့ မိုင်းထိသည့် နေရာတိုင်းတွင် သေနတ်များဖြင့် ရမ်းကားပစ်ခတ်ခြင်း၊ ဘေးပတ်ဝန်းကျင်ရှိ တောင်သူလယ်သများများကို ဖမ်းဆီးရိုက်နှက်ခြင်းများ  ထင်တိုင်းကျဲ လုပ်ဆောင်ခဲ့ကြောင်း KBU – UG က ထုတ်ပြန်ထားသည်။


Mandalay Free Press - MFP

ကန့်ဘလူနယ်တွင် ယနေ့ စကစများကို ငါးကြိမ် မိုင်းဆွဲ၊ စစ်အုပ်စု အသေအပျောက်များ၊ အထိနာသော စစ်အုပ်စုက စိတ်ဝေဒနာရှင်တစ်ဦးကို ပစ်သတ်ကာ ဒေသခံများကို ဖမ်းဆီး၊ ကန့်ဘလူနယ်တွင် ယနေ့ စကစများကို ငါးကြိမ် မိုင်းဆွဲ၊ စစ်အုပ်စု အသေအပျောက်များ၊  အထိနာသော စစ်အုပ်စုက စိတ်ဝေဒနာရှင်တစ်ဦးကို ပစ်သတ်ကာ ဒေသခံများကို ဖမ်းဆီး၊ Reviewed by THITHTOOLWIN on 23:04 Rating: 5

No comments:

Powered by Blogger.