စစ်ကိုင်း ပညာရေးကောလိပ် ကျောင်းသားနှစ်ဦးကို အကြမ်းဖက်စကစများ ဖမ်းဆီးနှိပ်စက် နေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရ၊
အကြမ်းဖက် စစ်အုပ်စုက ကျောင်းသားလူငယ်နှစ်ဦး ညှဉ်းပန်းနှိပ်စက်ခံနေ/ Photo - ပညာရေးကောလိပ် ကျောင်းသားမဂ္ဂ ကိုယ်စားပြုကော်မတီ, Htoo Khant Zaw |
ဇန်နဝါရီ - ၄
စစ်ကိုင်း ပညာရေးကောလိပ် ကျောင်းသား ကိုမင်းခန့်ဇော်(ခ)မင်းခန့်နှင့် အသက်မပြည့်သေးသူ တစ်ဦးဖြစ်သော မောင်အောင်ပြည့်ဖြိုးတို့ကို အကြမ်းဖက် စစ်အုပ်စုက ဖမ်းဆီးနှိပ်စက်နေသဖြင့် အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ကိုယ်စားပြု ကော်မတီက သတင်းထုတ်ပြန်သည်။
ယနေ့ ဇန်နဝါရီ(၄)ရက် မနက်ပိုင်းက စစ်ကိုင်း ပညာရေးကောလိပ် ပထမနှစ် ကျောင်းသား အသက်(၁၉)နှစ်အရွယ် ကိုမင်းခန့်ဇော်(ခ)မင်းခန့်နှင့် အသက်(၁၇)နှစ်အရွယ် မောင်အောင်ပြည့်ဖြိုးတို့သည် တန့်ဆည်-ခင်ဦး လမ်းအတိုင်း ဆိုင်ကယ်ဖြင့် ခရီးသွားလာချိန်တွင် အကြမ်းဖက် စစ်အုပ်စု၏ ပစ်ခတ်ဖမ်းဆီးမှု ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။
လက်ရှိတွင် အဆိုပါ လူငယ်နှစ်ဦးအနက် တဦးသည် ကျည်ထိမှန်ထားပြီး ဒဏ်ရာကို ဆေးကုသခွင့် မရသလို အကြမ်းဖက် စစ်အုပ်စု၏ ရိုက်နှက်နှိပ်စက်ခြင်း ခံနေရကြောင်း ပညာရေးကောလိပ် ကျောင်းသားများသမဂ္ဂ ကိုယ်စားပြု ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“တော်လှန်ရေး ခုခံစစ်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေတဲ့ စစ်ပူဒေသ စစ်ကိုင်းတိုင်းမှာ လက်နက်မဲ့ ပြည်သူများ မကြာခဏ ဖမ်းဆီးခံရပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်းများကို မကြာခဏ ဆိုသလို ဖက်ဆစ်တပ်နှင့် ပျူစောထီးအဖွဲ့များက ကျူးလွန်လျက်ရှိရာ ယနေ့ ဖမ်းဆီးခံလိုက်ရတဲ့ ကျောင်းသား လူငယ်နှစ်ဦး၏ အသက်အန္တရာယ်အတွက် ကျွန်ုပ်တို့ ပညာရေးကောလိပ် ကျောင်းသားမဂ္ဂ ကိုယ်စားပြုကော်မတီ အနေနဲ့ အထူး စိုးရိမ်ပူပန်မိပါတယ်” ဟု ယင်းကော်မတီက ထုတ်ပြန်ထားသည်။
Mandalay Free Press - MFP
No comments:
Post a Comment