ကားလေးစီး ထိပြီး စကစများ အသေအပျောက်ရှိနိုင်ဟုဆို၊
MFP ၊ ဇန်နဝါရီ - ၄
မန္တလေး - ဗန်းမော် ကားလမ်းအတိုင်း ကချင်ပြည်နယ်ဘက်မှ ဆင်းလာသော စကစ ကားအစီး(၃၀)ခန့်ကို ယန့ မနက်ပိုင်းတွင် ထီးချိုင့်မြို့နယ်၌ ဒေသ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထီးချိုင့် တော်လှန်ရေးအဖွဲ့ - TR က ပြောသည်။
ယနေ့ ဇန်နဝါရီ(၄)ရက် မနက်အစောပိုင်းက အကြမ်းဖက် စစ်ကောင်စီ၏ ရိက္ခာတင်ယာဉ်တန်း ကား(၂၇)စီးကို ထီးချိုင့်မြို့နယ် ကျောက်အိုက်အနီး၊ ကွင်းကြီးအနီးနှင့် ထီးချိုင့်မြို့ အနီးတွင် မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
"မြစ်ကြီးနားဘက်က ဆင်းလာတာပါ။ အနည်းဆုံး စစ်ကားလေးစီး ထိပါတယ်။ စကစတပ်က လူတွေလည်း ထိခိုက်မှု ရှိပါတယ်။ အရေအတွက်တော့ သေချာမသိရသေးဘူး။ စစ်ဆင်ရေးက ထီးချိုင့် PDF က ဆောင်ရွက်တာပါ" ဟု TR အဖွဲ့က MFP သို့ ပြောသည်။
အဆိုပါ အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တန်းကို ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - HPDF က ဆွဲမိုင်းများ၊ ၄ဝမမ လက်နက်ကြီးများဖြင့် သုံးနေရာတွင် ပစ်ခတ်ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ အကြမ်းဖက် စစ်အုပ်စုကလည်း ၆ဝမမ ၊ ငါးကြင်းမြီး စသည့် လက်နက်ကြီးများဖြင့် ပြန်လည်ရမ်းသမ်း ပစ်ခတ်ကာ တကောင်းဘက်သို့ ဆက်လက် မောင်းပြေးကြောင်း TR အဖွဲ့က ထုတ်ပြန်ထားသည်။
အကြမ်းဖက် စစ်ကောင်စီသည် မန္တလေး - ဗန်းမော် ဗျူဟာလမ်းနှင့် ဧရာဝတီမြစ်ကြောင်းမှတဆင့် စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်သို့ ကုန်းကြောင်း၊ ရေကြောင်းများဖြင့် လက်နက်ကိုင်များ အင်အားတိုးမြှင့်လျှက် ရှိသည်။
Mandalay Free Press - MFP
No comments:
Post a Comment