သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင်ရုံးပစ်ခတ်ခံရ


ရန်ကုန်၊ ဇန်နဝါရီ ၄

ဒီဇင်ဘာလကုန်ပိုင်းက အသေးစားပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင် ရုံးကို အမည်မသိလက်နက်ကိုင်အဖွဲ့ က ယနေ့ (ဇန်နဝါရီ ၄ ) ည ၈ နာရီဝန်းကျင်ကဝင်ရောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း စျေးသူစျေးသားများထံမှသိရသည်။

“ပစ်သွားတာတော့ဟုတ်တယ်။ စျေးထဲကလူတော်တော်များများလဲ ပြန်ကုန်ကြတယ်။ ဟိုတစ်ခေါက်ကလိုဖြစ်မှာစိုးလို့”ဟု သီရိမင်္ဂလာစျေးသစ်ရှိ သစ်သီးပွဲရုံတစ်ခုတွင် အလုပ်လုပ် ကိုင်နေသူတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၆ ရက်၊ ညပိုင်းက အဆိုပါစစျေးတွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း အကြမ်း ဖက်စစ်ကောင်စီက တစ်ဦးချင်းခေါ်၍ စစ်ဆေးကာ ငွေကြေးပျောက်ဆုံးမှုများရှိကြောင်း ပြည်တွင်းမီဒီယာတချို့တွင် ဖော်ပြထားသည်။ 

ယနေ့ စည်ပင်ရုံးပစ်ခတ်ခံရပြီးနောက် သေဆုံးသူ ထိခိုက်ဒဏ်ရာရရှိမှုကို အတိအကျမသိရသေးသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိလာပြီး တစ်နာရီခန့်အကြာ စျေးကိုပိတ် ထားခဲ့ကြောင်း သိရသည်။

“အဝင်လုံးဝပေးမဝင်တော့ဘူး။ ထွက်တဲ့သူမှန် သမျှစစ်တယ်”ဟု အထက်ပါ အလုပ်သမားက ထပ်မံပြောသည်။ 

ပြီးခဲ့သည့် လက ပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါစျေးတွင် စျေးဝယ်ခွင့်ကတ်ဟုဆိုကာ အဝင်အထွက်မှန်သမျှကို ကတ်စနစ်ဖြင့် စျေးစည်ပင်သာယာရေးကော်မတီက ပြုလုပ်နေကြောင်း စျေးအတွင်းက အသက် ၄၀ ဝန်းကျင်အရွယ်အငှါးယာဉ်မောင်းတစ်ဦးကလည်း ဆိုသည်။ 

“ကတ်မှာအရောင်တွေခွဲထားတယ်။ ပိုင်ရှင်ဆိုတစ်ရောင်။ ကူလီသမားကတစ်ရောင်၊ ဂါလီသမားနဲ့ကားသမားတွေကတစ်ရောင် အဲ့ဒီလို ကတ်တွေထုတ်ပေးတယ်။ အကုန်လုံးတော့မရသေးဘူး”ဟု ၎င်းက ရှင်းပြသည်။ 

ဒီဇင်ဘာလအတွင်း ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု တွင် ကုန်ထမ်းသမားတစ်ဦးဒဏ်ရာရရှိသွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ဝင်များက စျေးကိုပိတ် ကာ တစ်ဦးချင်းစစ် ဆေးမှုများပြုလုပ်ခဲ့သည်။ 

သီရိမင်္ဂလာစျေးသစ်သည် ပိတောက်ချောင်းနယ်မြေရဲစခန်းနှင့် ဘေးချင်းကပ်တွင်တည်ရှိပြီး ၂၄ နာရီပိတ်ရက်မရှိဖွင့်လှစ်သည့် စျေးတစ်ခုလည်းဖြစ်သည်။


Lu Nge Khit

သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင်ရုံးပစ်ခတ်ခံရ သီရိမင်္ဂလာစျေးသစ်ရှိ စည်ပင်ရုံးပစ်ခတ်ခံရ Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.