မော်လမြိုင် ၊ ဇန်နဝါရီ (၂၆)
သထုံမြို့နယ်၊ ပုတိမ်ရိုးကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်းမအပေါ်မှာ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးသွားတယ်လို့ KNLA တပ်မဟာ (၁) တာဝန်ရှိသူတွေက ပြောပါတယ်။
ကျိုက်ထိုကနေ သထုံမြို့နယ်ထဲကို မောင်းနှင်းလာတဲ့ စစ်ကား ၁၀ စီးခန့်ပါတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁)၊တပ်ရင်း(၂) နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့အတွက်ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ဒဏ်ရာရှိခဲ့တယ်လို့ KNLA တပ်မှူး တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီဘက်က ပြန်လည် ပစ်ခတ်ခဲ့ပေမယ့် KNLA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် စစ်ကောင်စီရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကားလမ်းဘေး နေအိမ် တစ်အိမ်က ကလေးငယ် တစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီးနောက် ဒီကနေ့ မနက် ၉ နာရီအချိန်ကစပြီး သထုံမြို့နယ်အနီးတဝှက်မှာ စစ်ကောင်စီတပ်ဖွဲ့တွေက လမ်းသွားလမ်းလာတွေကို ပိတ်ဆို့ စစ်ဆေးနေသလို တချို့နေရာမှာတွေမှာ ကင်းပုန်းဝတ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်အတွင်းမှာ KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့အကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
သတင်း - သံလွင်တိုင်းမ်
No comments:
Post a Comment