ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်


ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို အာဏာသိမ်းအဖွဲ့၏ လက်အောက်ခံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အဂတိမှုဖြင့်  ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် အမှုဖွင့်သည်ဟု သိရသည်။

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ရှိ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ပြည်ထောင်စုဝန်ကြီး ဦးမင်းသူကို နေပြည်တော်ရှိ ဘုရားကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ရွေးကောက်ပွဲကာလမတိုင်မီ အောင်နိုင်ရေးကာလဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကုမ္ပဏီပိုင်ရှင်တစ်ဦးထံ ဆက်သွယ်၍ NLD တံဆိပ်ပါသော တီရှပ်အင်္ကျီအထည် ၁၈,၀၀၀ အတွက် ကာလတန်ဖိုးငွေကျပ် ၃၁၅ သိန်းကို လည်းကောင်း၊ NLD တံဆိပ်ပါသော လွယ်အိတ်များ ဝယ်ယူရန်အတွက် ငွေကျပ် သိန်း ၃၆၀ ကို လည်းကောင်း လက်ခံရယူခဲ့ခြင်းသည် အဂတိလိုက်စားမှု ကျူးလွန်ရာရောက်သည်ဟု အဆိုပါကော်မရှင်က စွပ်စွဲထားသည်ကို တွေ့ရသည်။

ဦးမင်းသူသည် ၁၉၇၅ ခုနှစ်က စစ်တက္ကသိုလ် အပတ်စဉ်(၂၀)ကိုတက်ရောက်ခဲ့ပြီး တပ်မတော်(လေ)တွင် ဗိုလ်မှူးကြီး အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး NLD အစိုးရလက်ထက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဖြစ်လာသူဖြစ်ပြီး အုပ်ချုပ်ရေးအကြီးဆုံးဌာနဖြစ်သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်သူဗဟိုပြုအဖြစ် အဆင့်မြှင့်တင်ကာ ပြောင်းလဲမှုများ ပြုလုပ်နေသူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ ကော်မရှင်က  ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၇)ရက်နေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းအား လည်းကောင်း၊  ဒီဇင်ဘာလ (၈) ရက်နေ့တွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းတို့ကိုလည်းကောင်း နေပြည်တော်ရှိ ဘုရားကုန်းမြို့မရဲစခန်းတွင် အဂတိမှုများဖြင့် စွဲဆိုအမှုဖွင့်ထားသည်ကိုလည်း တွေ့ရသည်။


Tachileik News Agency 

ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအား အာဏာသိမ်းအဖွဲ့က အဂတိလိုက်စားမှုဖြင့် အမှုဖွင့်  Reviewed by THITHTOOLWIN on 22:48 Rating: 5

No comments:

Powered by Blogger.